ဧရာဝတီတိုင်းမ်
ဩဂုတ် ၄ ရက်
မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့မှာ အပြည့်အဝ ပြန်လည်ပါဝင်လာနိုင်မယ်လို့ မျှော်လင့်ပြီး ဘုံ သဘောတူညီချက် ၅ ရပ်အတိုင်း ဆက်လက်ကိုင်တွယ်သွားမယ်လို့ အာဆီယံအဖွဲ့က ပြောကြားလိုက်ပါ တယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဒေါ်အောင်ဆန်းစုကြည်ဉီးဆောင်တဲ့ ဒီမိုကရေစီနည်းကျ ရွေး ကောက်ခံအစိုးရကို စစ်တပ်က ဖြုတ်ချခဲ့ပြီးနောက်ပိုင်း အာဏာသိမ်းခေါင်းဆောင်တွေဟာ အာဆီယံ ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ခံထားရပါတယ်။
အာဆီယံအဖွဲ့က သက်ဆိုင်သူတွေကြား တွေ့ဆုံဆွေးနွေးဖို့နဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ တောင်းဆိုထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ထုတ်ပြန်ထားပြီး တိုးတက်မှုရှိစေဖို့ အထူးသံတမန် တွေကို အကြိမ်ကြိမ် စေလွှတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ ဆက်ဆံရာမှာ ဘုံသဘောတူညီချက် ၅ ရပ်ကိုသာ အဓိက မူဝါဒအဖြစ် ဆက်လက် ကျင့်သုံးနေဆဲလို့ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ကောင်ကင်ဟွန်က မနီလာမြို့မှာ ပြုလုပ်တဲ့ အာဆီယံ မီဒီယာဖိုရမ်မှာ ပြောပါတယ်။
ပဋိပက္ခတွေ အမြန်ဆုံး ပြီးဆုံးစေချင်သလို မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့အတွင်းသို့ အပြည့် အဝ ပြန်လည်ဝင်ရောက်လာတာကို မြင်တွေ့လိုကြောင်း ၎င်းက ဆိုပါတယ်။
စစ်အစိုးရ ကိုယ်စားလှယ်တွေကို အာဆီယံ ထိပ်သီးအစည်းအဝေးတွေ၊ အဆင့်မြင့် ဆွေးနွေးပွဲ တွေ တက်ရောက်ခွင့် ပိတ်ပင်ထားပေမယ့် မြန်မာနိုင်ငံဟာ အာဆီယံသို့ ပေးသွင်းရမယ့် အဖွဲ့ဝင်ကြေးကို ဆက်လက် ပေးသွင်းနေဆဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်ဖြစ်သူ ထရီဆာလာဇာရိုဟာ ယခုနှစ်နှောင်းပိုင်းမှာ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုဆိုင်ရာ ခရီးစဉ်တစ်ခု သွားရောက်ရန် စီစဉ်နေပါတယ်။
ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ လာဇာရိုက ထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရှိပါက အာဆီယံရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဝေဖန်မှုတွေကို ချေဖျက်နိုင်မယ်လို့ ပြောဆိုခဲ့ ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးနိုင်ရေး မျှော်လင့်ချက်ထားရှိပြီး လုပ်ငန်းစဉ်တွေကို တွန်းအားပေး လုပ်ဆောင်နေတယ်လို့ ၎င်းကပြောပါတယ်။
လက်ရှိမှာ ဖိလစ်ပိုင်နိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ရယူထားပြီး လာမည့်နှစ်မှာ စင်ကာပူနိုင်ငံသို့ လွှဲပြောင်းပေးမှာဖြစ်ပါတယ်။
ကိုးကား – Jakarta Globe
Ref; ASEAN Wants Myanmar Fully Back One Day