ဧရာဝတီတိုင်းမ်
ဩဂုတ် ၄ ရက်

 

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုဘက်မှ လာရောက်သော ရေဘေးကူညီရေး အလှူရှင်များ လိုက် ပါလာသည့် မော်တော်ယာဉ်တစ်စီးသည် နိဗ္ဗာန်ကျေးရွာနှင့် ခမောက်စုကျေးရွာအကြားတွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ရှစ် ဦးခန့် ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

 

ရေဘေးကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး ပစ္စည်းများ လာရောက်လှူဒါန်းသည့် အလှူရှင် မော်တော်ယာဉ်တစ်စီးသည် ယနေ့ ဩဂုတ် ၄ ရက် နံနက်ပိုင်းက လမ်းခုလတ်တွင် တိမ်းမှောက်ခဲ့ ခြင်းဖြစ်ပြီး ဒေသတွင်း ပူးပေါင်းအဖွဲ့များက မြေပြင် ရှေးဦးပြုစုခြင်းများ ချက်ချင်းဆောင်ရွက် ပေးခဲ့ကြပြီးနောက် နယ်ခံလူမှုကူညီရေးအဖွဲ့များက ထိခိုက်ဒဏ်ရာရရှိသူများကို နီးစပ်ရာ ဆေးရုံသို့ အချိန်မီ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

လေးမျက်နှာမြို့နယ်တွင် လက်ရှိ ဖြစ်ပွားနေသော ရေဘေးအခြေအနေမှာ တောင်ကျရေ အရှိန် အဟုန်ဖြင့် ရုတ်တရက် ထိုးဆင်းလာခြင်းကဲ့သို့ ကူညီကယ်ဆယ်ရေး ခက်ခဲနေသည့် အရေးပေါ် အခြေအနေမျိုး မဟုတ်ဘဲ တာရိုးကျိုးပေါက်မှုကြောင့် ရေထုသည် အနိမ့်ပိုင်း ကျေးရွာများအတွင်းသို့ တဖြည်းဖြည်း တရိပ်ရိပ် စိမ့်ဝင်ပျံ့နှံ့နေသည့် အခြေအနေမျိုးဖြစ်သည်။

ထို့အပြင် မီးသတ်တပ်ဖွဲ့ဝင်များ အပါအဝင် ဒေသအသီးသီးမှ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးအဖွဲ့များ မြေပြင်သို့ ရောက်ရှိရောက်ရှိနေကြသဖြင့် လက်ရှိ ကူညီကယ်ဆယ်ရေး လုပ်ငန်းစဉ်များကို ထိန်းချုပ်ဆောင် ရွက်နိုင်သည့် အနေအထားတွင် ရှိနေကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များထံမှ သိရသည်။

 

ထို့ကြောင့် အဝေးမှ လာရောက်ကြသည့် အလှူရှင်များနှင့် စေတနာ့ဝန်ထမ်းများအနေဖြင့် ခရီးစဉ် အတွင်း ယာဉ်အန္တရာယ် မဖြစ်ပွားစေရေးအတွက် မလိုလားအပ်သည့် အလျင်လို မောင်းနှင်ခြင်းမပြုဘဲ သတိပြု မောင်းနှင်ကြရန် ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို အသိပေး ပြောကြားသည်။

 

ထို့ပြင် ယခု ရေဘေးအန္တရာယ်သည် ရေရှည်ကူညီဆောင် ရွက်ရမည့် အနေအထားဖြစ်ပြီး ရေပြန် ကျသွားသည့် အချိန်တွင်လည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများစွာ ကျန်ရှိနေသေးသဖြင့် ရှေ့တန်းရောက် ကယ်ဆယ်ရေးအဖွဲ့များနှင့် ထောက်ပံ့ရေး အလှူရှင်အဖွဲ့များအနေဖြင့် အချိန်ယူ၍ စနစ်တကျ ကူညီလှူဒါန်းပေးကြပါရန် ဒေသခံများနှင် ကယ်ဆယ်ရေးအဖွဲ့များက နှိုးဆော်ထားသည်။

 

ဓာတ်ပုံ – Phyo Ko Ko Swe