ဧရာဝတီတိုင်းမ်
ဩဂုတ် ၄ ရက်

 

လက်ရှိတွင် ရေကြီးရေလျှံမှု ဘေးဒဏ် ခံနေရသည့် ဧရာဝတီတိုင်း အပါအဝင် တိုင်းနှင့် ပြည်နယ် အားလုံးတွင် ယနေ့ ဩဂုတ် ၄ ရက် မှ ၇ ရက်နေ့အတွင်း မိုးထစ်ချုန်းရွာပြီး အချို့ဒေသများ၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က သတိပေး ထုတ်ပြန်ထားသည်။

 

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေခြင်း၊ မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေခြင်းတို့ကြောင့် မိုးသည်းထန်စွာ ရွာသွန်း၍ မိုးကြီးနိုင်ခြင်း ဖြစ်သည်။

အထူးသဖြင့် ရေလွှမ်းမိုးခံထားရသည့် လေးမျက်နှာမြို့ ပါဝင်သော ဧရာဝတီတိုင်း အပါအဝင် ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ တနင်္သာရီ တိုင်းဒေသကြီးများနှင့် ကချင်၊ ကရင်နီ (ကယား)၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများ၌ မိုးကြီးနိုင်ကြောင်း သိရသည်။

 

လက်ရှိတွင် စစ်တောင်းမြစ်ရေသည် ပဲခူးတိုင်း၊ မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက် ၁ ပေကျော်သို့ ရောက်ရှိနေပြီး လာမည့် ၁ ရက် အတွင်း ၂ လက်မခန့် ထပ်မံမြင့်တက်လာနိုင်သဖြင့် မြစ်ကမ်းအနီး နေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာ သို့ ကြိုတင်ပြောင်းရွှေ့ ရှောင်ရှားကြရန် သတိပေးထားသည်။

ထို့ပြင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်၍ မြစ်ငယ်၊ ချောင်းငယ်များနေထိုင်သူများ ရေကြီး၊ ရေလျှံမှုကိုကြိုတင် သတိထားနေထိုင်ရန် အထူးလိုအပ်သည်။

 

မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း မိုးသက်လေပြင်းကျရောက်ကာ လှိုင်းအသင့် အတင့်မှ လှိုင်းကြီးနိုင်ပြီး ရေပြင်/မြေပြင် လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၇ ပေမှ ၉ ပေအထိ ရှိနိုင်ကြောင်း မိုး/ ဇလက ထုတ်ပြန်ထားသည်။

 

ထို့ပြင် လာမည့် တစ်ပတ်အတွင်း တရုတ်နိုင်ငံ အရှေ့တောင်ဘက် ကမ်းရိုးတန်းသို့ တိုင်ဖွန်းမုန်တိုင်းကြီး “Dolphin” ချဉ်းကပ်ကာ ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော်ဝင်ရောက်မည် ဖြစ်သည်။

 

အဆိုပါ မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဖြစ်သော စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း မိုးလေဝသပညာရပ်များကိုလေ့လာနေသူ ဦးဝင်းနိုင်၏ သုံးသပ် ချက် အရ သိရသည်။

 

ဓာတ်ပုံ – မိုး/ဇလ၊ ကိုထွန်း