ဧရာဝတီတိုင်းမ်
ဩဂုတ် ၄ရက်
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ လူနေရပ်ကွက်အတွင်းကို ရွေးတုအစိုးရစစ်တပ်က တိုက်လေ ယာဉ်အုပ်စုလိုက် အသုံးပြုကာ ဗုံးအလုံးရေ ၆၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ အရပ်သား နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်နှင့် အဆောက်အအုံ ၂၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်သည်။
ယမန်နေ့ ဩဂုတ် ၃ ရက် နံနက် ၁၀ နာရီ ၃၀မိနစ်ခန့်တွင် ငပလီမြို့၊ ဂျိတ္တော (၉) ရပ်ကွက်ရှိ ပြည်သူများနေထိုင်ရာ နေရာများကို စစ်တပ်က ဂျက်ဖိုက်တာ သုံးစင်း၊ Y12 လေယာဉ် တစ်စင်း တို့ဖြင့် အုပ်စုလိုက် လာရောက်ကာ ဗုံးများ အပြင်းအထန် ကြဲချခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၄၁ နှစ်အရွယ် ဦးကျော်သူနိုင်နှင့် အသက် ၆၀ အရွယ် ဒေါ်မစန်းမြင့်တို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ရပ်ကွက်အတွင်းရှိ ပြည်သူအများစုမှာ ဘေးလွတ်ရာသို့ အချိန်မီ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့သည့်အတွက် လူထိခိုက်သေဆုံးမှု နည်းပါးခဲ့သော်လည်း နေအိမ်၊ အဆောက်အအုံ၊ ဘန်ဂလို ၂၀ ခန့်နှင့် လူ့အသုံးအဆောင်ပစ္စည်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။
တိုက်ခိုက်မှုကြောင့် စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်းသုံးထောင်ကျော်ဖိုးခန့် ဆုံးရှုံးနစ်နာခဲ့ ကြောင်းလည်း AA ထံမှ သိရသည်။

ရွေးတုအစိုးရ စစ်တပ်သည် မြန်မာနိုင်ငံအနှံ့အပြားတွင် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများ နေထိုင်ရာ လူနေရပ်ကွက်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဈေးများနှင့် ဘာသာရေးအဆောက် အအုံများကို တိုက်လေယာဉ်များဖြင့် နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိကြောင်း AA သတင်းနှင့်ပြန်ကြားရေး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ-AA Info Desk
ပုံစာ- ငပလီ၊ ဂျိတ္တောကို စစ်တပ် ဗုံးကြဲဖျက်ဆီးထားစဉ်