ဧရာဝတီတိုင်းမ်
ဩဂုတ် ၄ ရက်
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ-၆ နယ်မြေအတွင်း ရွေးတုအစိုးရလက်အောက်ခံ စစ်တပ်က ဒေါနတောင်တန်းအရှေ့ခြမ်းရှိ ၎င်းတို့ လက်လွတ်ဆုံးရှုံးခဲ့ရသည့်နယ်မြေများကို ပြန်လည်ထိန်းချုပ်နိုင်ရန် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွါးခဲ့ကြောင်း သိရသည်။
တပ်မ-၂၂ လက်အောက်ခံ ခမရ-၂၀၃ နှင့် ခမရ-၂၁၀ တပ်ရင်းပူးပေါင်းတပ်ဖွဲ့မှာ ပြီးခဲ့သည့် ဩဂုတ် ၃ ရက်နေ့က ဒေါနအရှေ့ခြမ်းသို့စစ်ကြောင်းထိုးဝင်ရောက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွါးခဲ့ပြီး ခမရ-၂၀၃ တပ်ရင်း မှ ဗိုလ်မှူးအဆင့်စစ်ကြောင်းမှူးအပါအဝင် စစ်ကြောင်းတစ်ခုလုံးနီးပါး သေဆုံးပျက်စီးခဲ့ရကြောင်း သိရသည်။

တိုက်ပွဲပြီးနောက်စစ်မြေပြင်တွင် စစ်တပ်တပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းအများအပြားအပါအဝင် MA-3၊ MA-2၊ MA-1၊ MA ပူးတွဲသေနတ် စသည့်လက်နက်ငယ်အများအပြားနှင့် လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း KNU ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါတိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း-၂၈ မှူး ဒုတိယဗိုလ်မှူးကြီးစောဒါဘော ဦးဆောင်သည့်တပ်ဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
ထို့ပြင် စစ်တပ်သည် စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို အဓမ္မစစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ စေလွှတ်လျက်ရှိနေသည့်အတွက် အဆိုပါတပ်သားများအနေဖြင့် မိမိတို့အသက်အန္တရာယ်ကို ကာကွယ်နိုင်ရန်အတွက် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ အလင်းဝင်ရောက်ကြရန်လည်း KNUက တိုက်တွန်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ – KNU