ဧရာဝတီတိုင်းမ်
ဩဂုတ် ၃ ရက်
အင်းလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (အမှတ် ၁၀၀၉ တပ်ရင်း) မှ ရဲဘော်ဟောင်းတစ်ဦးသည် တပ်ဖွဲ့နှင့် သက်ဆိုင်ခြင်းမရှိသည့် ပြည်သူများကို စုစည်းကာ စစ်တပ်၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရပခ) တွင် လက်နက်ချဟန် ပုံမှားရိုက်ရန် ဆောင် ရွက်နေကြောင်း အင်းလေး PDF က အရေးပေါ် သတိ ပေးချက် ထုတ်ပြန်သည်။
အဆိုပါ ရဲဘော်ဟောင်းမှာ သာလေးကျေးရွာအုပ်စု၊ ချောင်းဆုံရွာတွင် နေထိုင်သူ ရဲဇော်ထက် (လူ)မိုက်ခဲဖြစ်ပြီး အင်းပေါခုံရွာမှ ပျူစောထီးများဖြစ်ကြသည့် ဇော်လတ်၊ ညီညီထွန်း တို့နှင့် ပူးပေါင်းကာ တောင်ကြီးအခြေစိုက် ရပခ တိုင်းစစ်ဌာနချုပ်၌ CDM/PDF များ လက်နက်ဝင်ရောက်စွန့်လွှတ်သည့် ပုံစံမျိုး ဖြစ်လာစေရန် ကြံစည်နေသည်ကို ခိုင်လုံစွာ သတင်းရှိရသည်ဟု ဆိုသည်။
“ရဲဘော်မိုက်ခဲက တပ်ရင်းမှာ နေကတည်းက ပျူစောထီးတွေနဲ့ ဆက်သွယ်မှုရှိနေတယ်လို့ ပြန်သိရ တယ်။ အဲ့နောက် တပ်ကနေ ပြေးသွားတယ်။ အခု တောင်ကြီးကိုတက်ပြီး ရပခ မှာ လက်နက်ချပွဲ လုပ်ဖို့စီစဥ်နေတယ်လို့ စုံစမ်းသိရတယ်။ ဒါကြောင့် သစ္စာဖောက်အဖြစ် သတ်မှတ်တာပါ”ဟု အင်းလေး PDF ၏ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ပြောသည်။
ထို့ကြောင့် အင်းလေး PDF အနေဖြင့် ရဲဘော်ဟောင်း ရဲဇော်ထက်အား “တော်လှန်ရေး သစ္စာဖောက်” အဖြစ် တရားဝင် သတ်မှတ် ကြေညာခဲ့သည်။
၎င်း၏ သစ္စာဖောက်မှုတွင် ပူးပေါင်းပါဝင်သူများ၊ ကူညီအားပေးသူများ အားလုံးကိုလည်း တပ်ရင်း၏ အပြင်းထန်ဆုံး နည်းလမ်းများဖြင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အင်းလေး ပြည်သူ့ကာ ကွယ်ရေးတပ်မတော် အမှတ် (၁၀၀၉) တပ်ရင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ- အင်းလေး PDF