ဧရာဝတီတိုင်းမ်
ဩဂုတ် ၃ရက်
မကွေးမြို့နယ်၊ ပဒါန်းတပ်နယ်ရှိ ရွေးတုအစိုးရ စစ်တပ်၏ အဓိကအရေးပါသော နတ်ရေကန်စခန်း တလျောက်တွင် တပ်မ နှစ်ခုအထိ အင်အားအလုံးအရင်းဖြင့် ခံစစ်ပြင်စခန်းထိုင်နေရသည့်အပြင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း လေကြောင်းပစ်ကူများကိုပါ အသုံးပြုနေရကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
အဆိုပါ နတ်ရေကန်ဗျူဟာမြေပြင်စခန်း မကျရှုံးရေးအတွက် စစ်တပ်ဘက်က စကခ (၁၇) နှင့် ထပ်မံဖြည့်တင်းလိုက်သည့် စကခ (၁၀) တို့အပြင် မစခ (၉၀၅) မှလည်း အင်အားအလုံးအရင်း စေလွှတ်၍ ခံစစ်ပြင်နေရခြင်းဖြစ်သည်။ သို့သော်လည်း မြေပြင်စစ်ကြောင်းများ အထိနာနေသဖြင့် လေကြောင်းပစ်ကူကို အဓိက အားကိုးနေရသည့် အခြေအနေဖြစ်ကြောင်း သိရသည်။
ဂျက်ဖိုက်တာများနှင့် Y-12 လေယာဉ် စုစုပေါင်း ခြောင်းခန့်သည် ယမန်နေ့ ဩဂုတ် ၂ ရက် ည ၁၂ နာရီမှ ယနေ့ နံနက် ၂ နာရီကျော်အထိ ပဇီကျေးရွာ၊ ဂုတ်ကြီးကျေးရွာနှင့် နတ်ရေကန် ပတ်ဝန်းကျင်တို့ကို အပြင်းအထန် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

”လေယာဉ်က အုပ်စုလိုက်ကြီး လာပစ်တာ။ မကွေးလေတပ်ကနေလည်း တစ်ချိန်လုံးပျံတက်နေတာ ကြားနေမြင်နေရတယ်။ အရင်ရက်တွေက စစ်ယာဉ်တန်းတွေရှေ့မတက်နိုင်တာကို ကာပစ်ပြီး ဆက်တက်တာဖြစ်ဖို့များတယ်” ဟု မကွေးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် မင်းတုန်းမြို့နယ် သဖန်ရောင်နှင့် အမ်းမြို့နယ် တလိုင်းတောင် လမ်းရှိ နေရာအချို့၊ သဖန်ရောင် ရွာအထက် ရိုးမတောင်ခြေရင်းများကိုပါ စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေ ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်က စစ်ကား အစီးရေ ၇၀ ဖြင့် နတ်ရေကန် လမ်းကြောင်းအတိုင်း တက်လာသည့် စစ်တပ် ယာဉ်တန်းသည် ဂုတ်ကြီးနှင့် ပဇီဘက်တွင် တိုက်ခိုက်ခံရသဖြင့် ပြန်ဆုတ်ခွာခဲ့ရသည်။
ထို့နောက် မကွေးဘက်သို့ ပြန်လည်ဆင်းလာသည့် တပ်မ (၁၀၁) တပ်ဖွဲ့ဝင်အချို့သည် လွန်ခဲ့သည့် ၃ ရက်အတွင်း ပခုက္ကူတံတားကို ဖြတ်သန်း၍ တောင်ဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထုတ်ပြန်ထားသည်။
ဓာတ်ပုံ-လူမှုကွန်ရက်