ဧရာဝတီတိုင်းမ်
ဩဂုတ် ၃ ရက်

 

ထိုင်းနိုင်ငံတစ်ဝန်းရှိ ခရိုင်ပေါင်း ၃၂ ခု၌ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမည်ဖြစ်ပြီး အနောက်တောင် မုတ်သုံလေ အားကောင်းနေသည့်အတွက် ဘန်ကောက်နှင့်အနီးတစ်ဝိုက်တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ယနေ့ ဩဂုတ် ၃ ရက်တွင် ထိုင်းမိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန်သည်။

 

ထိုင်းအထက်ပိုင်း၏မြောက်ပိုင်းဒေသများနှင့် နိုင်ငံ၏အချို့ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင် သည့်အတွက် တောင်ကုန်းဒေသနှင့် မြေနိမ့်ပိုင်းဒေသများအနေဖြင့် ရုတ်တရက် ရေကြီးရေလျှံမှုများနှင့် တောင်ကျရေကျဆင်းလာမှုများကို သတိထားကြရန်လည်း ပြောဆိုထားသည်။

 

ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အရှေ့ပိုင်း ခရိုင်ဒေသများ၏ ၆၀ ရာခိုင်နှုန်းအထိ မိုးကြိုးမုန်တိုင်းများ ကျရောက်နိုင်ပြီး ချင်းမိုင်၊ ချင်းရိုင်၊ နန်၊ နောင်ခိုင်၊ စကွန်နခွန်၊ ချန်သဘူရီ၊ ထရတ် စသည့် ခရိုင်များတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ကာ ဘန်ကောက်နှင့်အနီးတဝိုက် ခရိုင်များတွင်လည်း မိုးကြိုးမုန်တိုင်းများ ကြုံတွေ့ရနိုင်ကြောင်း သတိပေးထားသည်။

ထို့ပြင် ထိုင်းမြောက်ပိုင်း ချင်းရိုင်ခရိုင်တွင်လည်း စိုင်းမြစ်ရေမျက်နှာပြင် အမှတ်များ ဆက်လက် မြင့်တက်နေပြီး နေရာအများစုတွင်ရေကြီးရေလျှံမှုများဖြစ်လာနိုင်သည့်အတွက် အရေးပေါ်သတိပေး ထားကာ ဒေသခံများကိုကူညီပေးနိုင်ရန် ဝန်ထမ်းများ၊ ယာဉ်များနှင့် အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားကြရန်လည်း တာဝန်ရှိသူများက ညွှန်ကြားထားကြောင်း သိရသည်။

 

ထိုင်းနိုင်ငံ မြောက်အလယ်ပိုင်းခရိုင်တခုဖြစ်သည့် ဖက်ချဘွန်ခရိုင်တွင်လည်း မြစ်ရေမြင့်တက်လာမှု ကြောင့် ပြီးခဲ့သည့် ဩဂုတ် ၁ ရက်နေ့ညပိုင်းတွင် လွန်ဆက်မြို့နယ်ရှိ ၅ မီတာရှည်သည့် ရေကာ တာကျိုးပေါက်ခဲ့သည့်အတွက် အိမ်ခြေ ၁၅၀ ကျော်ရေနစ်မြုပ်ခဲ့သော်လည်း လူထိခိုက်မှုမရှိပဲ လက်ရှိ တွင် အခြေအနေကိုထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။