ဧရာဝတီတိုင်းမ်
ဩဂုတ် ၃ ရက်
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှုများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး လေးမျက်နှာ-ငါးသိုင်းချောင်း ကားလမ်းမပေါ်ရှိ ကွန်ကရစ်တံတားတစ်စင်း ရေတိုက်စားကာ မျောပါသွားခဲ့ကြောင်း သိရသည်။
ရေတိုက်စားမှုကြောင့် ပျက်စီးမျောပါသွားခဲ့သည့် တံတားမှာ လေးမျက်နှာမြို့နယ်၊ လက်သမား (ကရင်) ကျေးရွာအနီး လေးမျက်နှာ-ငါးသိုင်းချောင်း ကားလမ်းမပေါ်၊ မိုင်တိုင်အမှတ် (၆)မိုင် (၃)ဖာလုံ နှင့် (၆) မိုင် (၄)ဖာလုံကြားတွင် တည်ရှိသော အလျား ၁၅ ပေ၊ အနံ ၁၂ ပေရှိ တံတားဖြစ်သည်။

အဆိုပါ ရေကာတာကျိုးပေါက်ရာမှ စိမ့်ဝင်လာသည့် ရေများသည် လက်ရှိတွင် ကြိုးကြာကွင်းကျေးရွာ အုပ်စုနှင့် ထိန်တောကြီးကျေးရွာအုပ်စုဘက်ရှိ စိုက် ပျိုးလယ်ကွင်းများအတွင်းသို့ ထပ်မံစီးဝင်လျက်ရှိကြောင်း သိရသည်။
ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှု ဖြစ်စဉ်ကြောင့် လေးမျက်နှာမြို့နယ်အတွင်း ဩဂုတ်လ ၃ ရက်နေ့အထိ ရရှိထားသော စာရင်းများအရ ရပ်ကွက် ငါး ခုနှင့် ကျေးရွာ ၁၄ ရွာမှ အိမ်ခြေ ၃,၁၅၈ အိမ်၊ အိမ်ထောင်စု ၃,၂၁၅ စု၊ လူဦးရေ ၁၄,၀၅၆ ဦးခန့် ရေဘေးသင့်ခဲ့ရကြောင်း ရွေးတုအစိုးရသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက အတည်ပြု ပြောကြားထား သည်။
လက်ရှိအချိန်တွင် ရေဘေးသင့် ပြည်သူများအတွက် လေးမျက်နှာမြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေးစခန်း ကိုးခု ဖွင့်လှစ်ပေးထားပြီး အဆိုပါ ကယ်ဆယ်ရေးစခန်းများ၌ အိမ်ထောင်စု ၄၄၁ စု၊ လူဦးရေ ၁,၄၁၁ ဦး လာရောက်ခိုလှုံလျက်ရှိကြောင်း သိရသည်။