ဧရာဝတီတိုင်းမ်
ဩဂုတ် ၄ ရက်

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၃) ရပ်ကွက်တွင် အိမ်ရှင်မိခင်ဖြစ်သူ အပါအဝင် အမျိုးသမီး သုံးဦးအား တူဖြင့်ထုရိုက်၍ ကျပ်သိန်း ၅၀၀ ကျော်တန်ဖိုးရှိ ရွှေထည်နှင့် ဖုန်းများ လုယူ ထွက်ပြေးသွားသည့် တရားခံအား ယနေ့အချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ရွေးတုအစိုးရ လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေး အသိုင်းအဝိုင်းထံမှ သိရသည်။

ပြီးသည့် ဇူလိုင် ၃၁ ရက် နံနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ်၊ (၁၃) ရပ်ကွက်၊ အနော်မာ (၁) လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တရားခံဖြစ်သူ တိုက်ကြီးမြို့နယ်နေ မင်းခန့်ကို (ခ) မင်းခန့် ၃၂ နှစ်သည် ၎င်းနှင့် တရားမဝင် ပေါင်းသင်းနေသည့် အိမ်ရှင်ဖြစ်သူ ဒေါ်ဖြူဖြူလင်း ၄၆ နှစ် အပါအဝင် သမီးနှင့် တူမဖြစ်သူတို့အား အရိုးတပ်တူဖြင့် ထုရိုက်ကာ ကျပ်သိန်း ၅၇၅ သိန်းခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများနှင့် ဖုန်းသုံးလုံးတို့အား လုယူထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

“တရားခံက အခင်းဖြစ်ပြီးကတည်းက ထွက်ပြေးလွတ်မြောက်နေတာပါ။ လက်ရှိမှာတော့ သက်ဆိုင်ရာ ရဲစခန်းက အမှုဖွင့်ထားပြီး တရားခံ ပုန်းအောင်းနိုင်တဲ့နေရာတွေကို နယ်မြေပိတ်ဆို့ ရှာဖွေတာတွေ ဆောင် ရွက်နေပါတယ်” ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တူဖြင့် အထုခံရမှုကြောင့် အိမ်ရှင်ဖြစ်သူ မိခင် ဒေါ်ဖြူဖြူလင်းတွင် ဦးခေါင်းနောက်စေ့ ထုရိုက်ဒဏ်ရာ နှစ်ချက်ဖြင့် စိုးရိမ်ရသည့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး သမီးနှင့် တူမဖြစ်သူတို့တွင်လည်း ဦးခေါင်း ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးဝါးကုသမှု ခံယူနေရကြောင်း သိရသည်။

လက်ရှိတွင် တောင်ဥက္ကလာပမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားပြီး ထွက်ပြေးလွတ်မြောက်နေသူ တရားခံ မင်းခန့်ကိုအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သိရသည်။

ဓာတ်ပုံ-ရဲတပ်ဖွဲ့