ဧရာဝတီတိုင်းမ်
ဩဂုတ် ၃ ရက်
ဧရာ၀တီတိုင်းတွင် ယခု ဇူလိုင်လနှောင်းပိုင်းမှစ၍ ငဝန်မြစ်ရေ မြင့်တက်လာသဖြင့် တာကျိုးပေါက်ကာ လေး မျက်နှာမြို့ ရေလွှမ်းမိုးခံရပြီးနောက် မြစ်ကြောင်းတစ်လျှောက်ရှိ ငါးသိုင်းချောင်းမြို့ အပါအဝင် အောက်ပိုင်းမြို့များအနေဖြင့် ရေဘေးအန္တရာယ်ကို အထူးသတိပြုကြရန် လိုအပ်နေကြောင်း သိရသည်။
လက်ရှိတွင် ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၏ စိုးရိမ်ရေမှတ် ၁,၁၆၀ စင်တီမီတာသို့ ရောက်ရှိရန် ၁၃ စင်တီမီတာခန့်သာ လိုတော့သဖြင့် အန္တရာယ်ရှိသည့် အနေအထားသို့ ရောက်ရှိနေသည်။

ထို့အပြင် သာပေါင်းမြို့တွင် စိုးရိမ်ရေမှတ် ၆၂၀ စင်တီမီတာအနက် ၅၇၇ စင်တီမီတာသို့ လည်းကောင်း၊ ပုသိမ်မြို့တွင် စိုးရိမ်ရေမှတ် ၃၅၀ စင်တီမီတာအနက် ၃၀၅ စင်တီမီတာသို့ လည်းကောင်း အသီးသီး မြင့်တက်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ထုတ်ပြန်ထားသည်။
#လေးမျက်နှာတွင် တာနှစ်နေရာကျိုးကျပြီး အိမ်ပေါ်နှင့် သစ်ပင်ပေါ် ပိတ်မိသူများရှိနေ
ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့က လေးမျက်နှာမြို့နယ်၊ သခွက်ချောင်းကျေးရွာအုပ်စု၊ မြစ်ကျိုးကျေးရွာ ရှိ အမြင့် ၁၈ ပေရှိသော ငဝန်မြစ်ရေကာတာ တာမိုင်အမှတ် ၂၅/၃ တွင် အလျား ပေ ၅၀ အကျယ်ခန့် စတင်ကျိုးကျခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် တာပိုင် ၂၅/၃ ဖာလုံနေရာရှိ အလျားပေ ၃၀ တစ်နေရာနှင့် ကမ်းရင်းတာ (စွန့်ပစ်တာ) အလျား ပေ ၉၀ တစ်နေရာ၊ စုစုပေါင်း ပေ ၁၂၀ ခန့် ကျိုးကျသွားခဲ့သဖြင့် မြို့အတွင်းသို့ ရေများ အရှိန်ဟုန်ဖြင့် ဝင်ရောက်ကာ လေးမျက်နှာမြို့ပေါ်ရှိ ရပ်ကွက် ငါးခုနှင့် ကျေးရွာ ၄၅ ရွာ ရေလွှမ်းမိုးခံခဲ့ရသည်။ သန်းခေါင်းစာရင်းများအရ အဆိုပါ လေးမျက်နှာမြို့နယ်တွင် လူဦးရေ တစ်သိန်းကျော် နေထိုင်ကြောင်း သိရသည်။
ရေလွှမ်းမိုးမှု ငါးရက်ကျော်လာသည့်တိုင် ရေကြီးရေလျှံခံရသည့် လေးမျက်နှာမြို့နှင့် အိုင်သပြုရွာတို့ တွင် နေအိမ်အတွင်း ပိတ်မိနေသူများ၊ သစ်ပင်ပေါ်သို့ တက်ရောက်ခိုလှုံနေရသူများကို လူမှုကူညီရေး အသင်းအဖွဲ့များက ရှာဖွေကယ်ဆယ်နေရဆဲဖြစ်ပြီး ရေဘေးသင့်ပြည်သူ သောင်းနှင့်ချီ ရှိနေကြောင်း သိရသည်။

#တာကျိုးပေါက်မှုကို ပြန်လည်ဖာထေးနေသည့် အခြေအနေ
လက်ရှိတွင် လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်တာ ကျိုးပဲ့သွားသည့် အလျားပေ ၃၀ နေရာကို ယာယီချောင်းပိတ်တမံအဖြစ် ပြုလုပ်ထားပြီး၊ ကျန်ရှိနေသော အလျားပေ ၉၀ နေရာကိုမူ ယာယီ ချောင်းပိတ်တမံအဖြစ် ပြုပြင်ဖာထေးနေဆဲဖြစ်ကြောင်း ရွေးတုအစိုးရထံမှ သိရသည်။
ပုံစာ – လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်ရေကာတာ ကျိုးကျမှုကြောင့် ရေလွှမ်းမိုးခံထားရသည့် မြင်ကွင်း။ ဓာတ်ပုံ – ရွေးတုအစိုးရ၊ MFS