ဧရာ၀တီတိုင်းမ်
ဩဂုတ်၃ ရက်
နိုင်ငံတကာကြက်ခြေနီကော်မတီ(ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် Arnaud de Baecque သည် ယနေ့ ဩဂုတ်၃ရက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း ICRC က ထုတ်ပြန်သည်။
အဆိုပါ တွေ့ဆုံမှုအား လွတ်လပ်မှု ပိတ်ပင်ခံထားရသူများထံ သွားရောက်ကြည့်ရှုစစ်ဆေးခြင်းဆိုင်ရာ ICRC ၏ စံနှုန်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သီးခြားတွေ့ဆုံ စကားပြောဆိုခွင့်လည်းရရှိခဲ့ကြောင်း ICRC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တွေ့ဆုံဆွေးနွေးမှုအတွင်းပြောဆိုခဲ့သည့် အကြောင်းအရာများနှင့်ပတ်သက်၍ ဧရာ၀တီတိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ICRC အနေဖြင့် အသေးစိတ် ထုတ်ဖော် ပြောကြားခြင်းမရှိပေ။
ICRC သည် ၁၉၄၉ခုနှစ် ဂျနီဗာသဘောတူစာချုပ်များအရ လူသားချင်းစာနာထောက်ထားရေး တာဝန်ကိုသာဆောင်ရွက်သည့် ဘက်မလိုက်၊သမာသမတ်ရှိပြီး လွတ်လပ်သည့်အဖွဲ့အစည်းဖြစ်သည်။ လက်နက် ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက်မှုများကြောင့် ထိခိုက်ခံစားရသူများ၏ အသက်၊ ဂုဏ်သိက္ခာကိုကာကွယ်ပေးရန်နှင့်၎င်းတို့၏ဒုက္ခဆင်းရဲမှုများလျော့ပါးစေရန်ကမ္ဘာတစ်ဝန်းဆောင်ရွက်နေကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယခုတွေ့ဆုံမှုသည်၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခြင်းခံထားရသည့် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နှင့် နိုင်ငံတကာအဖွဲ့အစည်းမှ ကိုယ်စားလှယ်တို့ တွေ့ဆုံမှုကို အတည်ပြုထုတ်ပြန်ခဲ့သည့် ရှားပါးတွေ့ဆုံမှုများအနက်တစ်ခုဖြစ်သည်။
CRC အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်များနှင့် ထိန်းသိမ်းရေးစခန်းများသို့ ဆက်လက် ဝင်ရောက် ကြည့်ရှုနိုင်ရေး အပါအဝင် ပိုမိုတိုးမြှင့် ကြည့်ရှုခွင့်ရရှိစေရန် သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း အသိပေးထားသည်။