‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၃ ရက်

 

‎ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းမှတစ်ဆင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း အာရက္ခတပ်တော် (AA) ၏ သတင်းနှင့် ပြန်ကြားရေးဌာနကအရေးပေါ်သတိပေးချက်ထုတ်ပြန်ထားသည်။

ယနေ့ ဩဂုတ် ၃ ရက်၊ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်မှ စတင်၍ စစ်တပ်သည် ဂျက်တိုက်လေယာဉ်များ အသုံးပြုကာ သံတွဲမြို့နယ်အတွင်းရှိ နေရာများကို အုပ်စုလိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိပြီး ယခု‌ နေ့လယ် ၁၂နာရီအထိ တိုက်ခိုက်မှုများ ရှိနေကြောင်း AA က ထုတ်ပြန်ထားသည်။

‎သံတွဲမြို့နယ်အတွင်း စစ်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုမှာ ယခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ် ဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်၊ ညနေ ၃ နာရီခန့်ကလည်း သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံ လေး ဦး သေဆုံးခဲ့ရသည်။

 

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်နေ့ကလည်း သံတွဲမြို့နယ်အတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

ယနေ့ နံနက်ပိုင်း ပစ်ခတ်တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ထိခိုက်ပျက်စီးမှု သတင်းနောက်ဆက်တွဲများကို ဆက်လက် ထုတ်ပြန်ပေးသွားမည်ဟု အာရက္ခတပ်တော် (AA) က အသိပေးထားသည်။

စစ်တပ်သည် ယခုရက်ပိုင်းအတွင်း AA ထိန်းချုပ်နယ်မြေများကို နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေပြီး ရခိုင်ဒေသအတွင်း ရေဘေးသင့်နေချိန်အတွင်းကလည်း လေကြောင်းတိုက်ခိုက်မှုကို ရပ်တန့်ခြင်းမရှိပေ။

ပုံစာ- သံတွဲ ရွှေလှေကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရစဉ်