ဧရာဝတီတိုင်းမ်
ဩဂုတ် ၃ ရက်

 

စစ်အုပ်စုအသွင်ပြောင်း ရွေးတုအစိုးရက မတရားဖမ်းဆီးထားသည့် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque က ယနေ့ ဩဂုတ်လ ၃ ရက် နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ကြောင်း ရွေးတုအစိုးရက ထုတ်ပြန်သည်။

 

အဆိုပါ တွေ့ဆုံမှုနှင့် ပတ်သက်၍ ရွေးတုအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း အတည်ပြု ပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းဌာနတွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းချိန်မှစ၍ သီးခြားခွဲခြား ထိန်းသိမ်းခံထားရသည့် အသက် ၈၁ နှစ်အရွယ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်၍ နိုင်ငံတကာနှင့် ပြည်တွင်း၌ စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် အဆိုပါ တွေ့ဆုံမှု ထွက်ပေါ်လာ ခြင်းဖြစ်သည်။

 

ရွေးတုအစိုးရ၏ ပြန်ကြားရေးဝန်ကြီးလက်အောက်ခံ သတင်းဌာနများက ICRC ဌာနေကိုယ်စားလှယ်နှင့် တွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်သော်လည်း တွေ့ဆုံသည့် နေရာ၊ ဆွေးနွေးခဲ့သည့် အသေးစိတ် အကြောင်းအရာများနှင့် ကျန်းမာရေးအခြေအနေ သတင်းအချက်အလက်များကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

 

ထို့အပြင် အဆိုပါ တွေ့ဆုံမှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဘက်ကလည်း တစ်စုံတစ်ရာ တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

ဓာတ်ပုံ-ရွေးတုအစိုးရ