ဧရာဝတီတိုင်းမ်
ဩဂုတ် ၃
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်တွင် ပြည်သူများအား လေကြောင်းမှ သွားရောက်တိုက်ခိုက်ရန် လေ့ကျင့်ပျံသန်းနေသည့် စစ်ကောင်စီ၏ တိုက်ခိုက်ရေးလေယာဉ်တစ်စီးသည် ငှက်နှင့်တိုက်မိပြီး အင်ဂျင်မီးလောင်ကာ ပျက်ကျသွားကြောင်း သိရသည်။
ယနေ့ ဩဂုတ်၃ ရက် နံနက် ၅ နာရီ ၁၆ မိနစ်ခန့်တွင် မှော်ဘီမြို့၏ အရှေ့တောင်ဘက် မီတာ ၈၅၀၀ အကွာရှိ ညောင်နှစ်ပင်ကျေးရွာအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။ စစ်တပ်၏ တိုက်ခိုက်ရေးလေယာဉ် လေ့ကျင့်ပျံသန်းနေစဉ် ငှက်နှင့်တိုက်မိမှု (Bird Strike) ဖြစ်ပွားကာ အင်ဂျင်ခန်းအတွင်းသို့ ဝင်ရောက်သွားသဖြင့် မီးလောင်ကျွမ်းပြီး ပျက်ကျခဲ့ရခြင်းဖြစ်ကြောင်း စစ်တပ်၏ မြဝတီရုပ်မြင်သံကြားက ထုတ်ပြန်ထားသည်။
လေယာဉ် မပျက်ကျမီ လေယာဉ်မှူးက အရေးပေါ် ထွက်ခွာသည့်စနစ် (Ejection System) ကို အသုံးပြု၍ ခုန်ထွက်ခဲ့သည့်အတွက် လေယာဉ်မှူး ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ လွတ်မြောက်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ လေယာဉ်ပျက်ကျခဲ့သည့် ညောင်နှစ်ပင်ကျေးရွာ ပတ်ဝန်းကျင်သို့ စစ်တပ် တပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး၊ လုံခြုံရေးလုပ်ဆောင်မှုများနှင့် လေယာဉ်အပျက်အစီးများကို ပြန်လည်သိမ်းဆည်းနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
ဓာတ်ပုံ – တပ်တော်ဝင်အခမ်းအနားတွင် တွေ့ရသည့် တိုက်လေယာဥ်