ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ ဩဂုတ် ၂ ရက်)

မျက်မှောက်ခေတ် လူမှုအဖွဲ့အစည်းမှာ အော်တစ်ဇင် (Autism) ဆိုတဲ့ စကားလုံးနဲ့ အတော်များများ ရင်းနှီးလာကြပေမဲ့ အော်တစ်ဇင်ရဲ့ ဖြစ်တည်မှု သဘာဝနဲ့ ပတ်သက်လို့ လွဲမှားနေတဲ့ အယူအဆတွေကို လက်ခံထားကြဆဲ ဖြစ်ပါတယ်။

အော်တစ်ဇင်ဆိုတာ ကုသလို့ရတဲ့ ရောဂါ (Illness) တစ်ခု မဟုတ်ဘဲ အာရုံကြောစနစ် တည်ဆောက်ပုံ ကွဲပြားမှုကြောင့် ဖြစ်ပေါ်လာတဲ့ “ဖွံ့ဖြိုးမှုဆိုင်ရာ ကွဲပြားခြားနားမှု (Developmental Condition)” တစ်ခုသာ ဖြစ်ပါတယ်။

အများပြည်သူအနေနဲ့ အော်တစ်ဇင် ကလေးငယ်တွေ၊ လူငယ်တွေကို ပိုမိုနားလည် စာနာပေးနိုင်ဖို့နဲ့ စနစ်တကျ ကူညီပေးနိုင်ဖို့ ဆေးပညာဆိုင်ရာ အချက်အလက်လေးတွေကို ရှင်းလင်းမျှဝေပေးချင်ပါတယ်။

🟥အော်တစ်ဇင်ရောင်စဉ်တန်း (Autism Spectrum Disorder – ASD)

ဆေးပညာအရ အော်တစ်ဇင်ကို Autism Spectrum Disorder (ASD) လို့ ခေါ်ဆိုပါတယ်။ “Spectrum” (ရောင်စဉ်တန်း) လို့ သုံးနှုန်းရတဲ့ အကြောင်းအရင်းကတော့ အော်တစ်ဇင် ဖြစ်ပွားသူတိုင်းမှာ လက္ခဏာ ပြင်းထန်မှုနဲ့ စွမ်းဆောင်နိုင်စွမ်းဟာ အလွန်ကွာခြားတာကြောင့် ဖြစ်ပါတယ်။

အော်တစ်ဇင် ကလေးငယ်အချို့မှာ စကားလုံးလုံး မပြောနိုင်ဘဲ အထူးအကူအညီများ လိုအပ်တတ်သလို၊ အချို့ကတော့ စကားကို ပုံမှန်ပြောနိုင်ရုံမက အနုပညာ၊ သင်္ချာ စသဖြင့် နဂိုဗီဇ ပါရမီအရ သီးခြားနယ်ပယ်တစ်ခုခုမှာ အလွန်ကိုမှ ထူးချွန်သူများ (High-functioning ASD) ဖြစ်နေတတ်ကြပါတယ်။

🟥အော်တစ်ဇင်ဘာကြောင့် ဖြစ်ရတာလဲ (Causes of Autism)

ဆေးပညာဆိုင်ရာ သုတေသနများစွာရဲ့ အဆိုအရ အော်တစ်ဇင်ဟာ အကြောင်းရင်း တစ်ခုတည်းကြောင့် ဖြစ်ရခြင်း မဟုတ်ပါဘူး။ မျိုးရိုးဗီဇ (Genetic factors) နဲ့ ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုများ (Environmental factors) ပေါင်းဆုံပြီး ဖြစ်လာရတာလို့ ယူဆရပါတယ်။

🟥မျိုးရိုးဗီဇ (Genetics)

မိသားစုထဲမှာ အော်တစ်ဇင်ရှိရင် နောက်မွေးဖွားလာမယ့် ကလေးမှာလည်း ဖြစ်နိုင်ခြေ ပိုမိုမြင့်မားပါတယ်။ ထို့ပြင် သန္ဓေတည်စ အချိန်မှာ ဦးနှောက်ဆဲလ်များ ပုံမှန်ဖွံ့ဖြိုးမှုကို ထိန်းချုပ်သည့် မျိုးရိုးဗီဇများ ရုတ်တရက် အပြောင်းအလဲဖြစ်သွားခြင်း (Gene mutations) ကြောင့်လည်း ဖြစ်တတ်ပါတယ်။

🟥ပတ်ဝန်းကျင် သက်ရောက်မှု (Environmental Factors):

မိဘတွေ အသက်ကြီးမှ ကလေးယူခြင်း၊ မိခင် ကိုယ်ဝန်ဆောင်ကာလမှာ ကူးစက်ရောဂါ ပြင်းပြင်းထန်ထန် ဖြစ်ခြင်း၊ ကိုယ်ဝန်ဆောင်ချိန် သွေးတိုးနှင့် ဆီးချိုရောဂါ ခံစားရခြင်း၊ ကလေး မွေးဖွားချိန်တွင် အောက်ဆီဂျင် ပြတ်လပ်ခြင်းနဲ့ လမစေ့ဘဲ ပေါင်ချိန်မပြည့် ကလေးမွေးဖွားခြင်း စတာတွေကြောင့်လည်း အော်တစ်ဇင် ဖြစ်လာရပါတယ်။

အော်တစ်ဇင် လက္ခဏာ အများစုဟာ ကလေးအသက် ၂ နှစ်ကနေ ၃ နှစ်အတွင်းမှာ စတင်ထင်ရှား လာတတ်ပါတယ်။ မိဘတွေအနေနဲ့ သတိပြုမိနိုင်တဲ့ အဓိက လက္ခဏာတွေကို အပိုင်း ၃ ပိုင်းနဲ့ ခွဲခြား ကြည့်နိုင်ပါတယ်။

🟥၁။ လူမှုဆက်ဆံရေးနဲ့ ဆက်သွယ်ရေး အခက်အခဲများ

ပထမဆုံးအနေနဲ့ ကလေးဟာ စကားပြောတဲ့အခါ၊ ဆော့ကစားတဲ့အခါမှာ မျက်လုံးချင်း ဆုံအောင် ကြည့်ဖို့ ရှောင်လွှဲတတ်ပါတယ် (Lack of Eye Contact)။

ဒါ့အပြင် အကြားအာရုံကို စစ်ဆေးကြည့်ရင် ပုံမှန်ရှိနေပေမဲ့ ကလေးရဲ့ နာမည်ကို ခေါ်လိုက်တဲ့အခါ ပြန်မထူးတာ၊ ပြန်မကြည့်တာနဲ့ ဘာမှ တုံ့ပြန်မှု မလုပ်တာတွေကို တွေ့ရပါမယ်။

သူတို့ဟာ ကိုယ်ဘာလိုချင်တယ်၊ ဘာဖြစ်ချင်တယ်ဆိုတာကို စကားနဲ့ ဖော်ပြဖို့ ခက်ခဲသလို၊ အခြား သူတွေရဲ့ စိတ်ခံစားချက်ကို နားလည်ဖို့လည်း ခက်ခဲကြပါတယ်။ ဒါကြောင့် စိတ်ခံစားချက် ဖော်ပြဖို့ ရောထွေးနေတဲ့ ကလေးတွေလို့ ဆိုနိုင်ပါတယ်။

🟥၂။ ကိုယ်အမူအရာ ထူးခြားသည့် အကျင့်များနှင့် စွဲလမ်းမှုများ

ဒုတိယအချက်အနေနဲ့ ထူးခြားတဲ့ ကိုယ်အမူအရာတွေကို ထပ်တလဲလဲ လုပ်နေတတ်တာဖြစ်ပါတယ်။ ဥပမာ – ကဏှာမငြိမ်ဘဲ လက်ခါနေတာ၊ ခန္ဓာကိုယ်ကို ရှေ့နောက် ရမ်းနေတာ၊ ဒါမှမဟုတ် ဝိုင်းကြီး ပတ်ပတ် လှည့်နေတာမျိုးတွေပါ။

အရုပ်တွေ၊ ပစ္စည်းတွေကို အစဉ်လိုက် တန်းစီနေတာ၊ မြင်မြင်သမျှကို စီစီရီရီဖြစ်အောင် ထားတတ် တာမျိုးလည်း ရှိပါတယ်။ အရေးကြီးတာတစ်ခုကတော့ သူတို့ နေ့စဉ်လုပ်နေကျ အလေ့အထ (Routine) လေးကနေ နည်းနည်းလေး ပြောင်းလဲသွားရင်တောင်မှ အလွန်အမင်း စိတ်ဆိုး ဒေါသထွက် တတ်ကြပါတယ်။

🟥၃။ အာရုံခံစားမှု အလွန်ထက်မြက်ခြင်း (Sensory Overload)

အသံကျယ်ကျယ်တွေ၊ ဆူဆူညံညံပတ်ဝန်းကျင်၊ လင်းထိန်လွန်းတဲ့ မီးအလင်းရောင်နဲ့ တောက်ပြောင် လွန်းတဲ့ အရောင်ရှိတဲ့ အဝတ်အစားတွေလိုမျိုး သူတို့ မနှစ်မြို့တဲ့ အရာတွေနဲ့ တွေ့ရင် ရှောင်ပြေး ရုန်းကန်တတ်ကြပါတယ်။ အခြားသူတစ်ယောက်နဲ့ မတော်တဆ ထိတွေ့မိတာကိုတောင်မှ အလွန်အမင်း ရုန်းကန်တတ်ကြတာမျိုး ရှိပါတယ်။

🟥အော်တစ်ဇင်ကို ဘယ်လိုကုသကြမလဲ

အမှန်တကယ်တော့ အော်တစ်ဇင်ကို ချက်ချင်း ပျောက်ကင်းအောင် ကုသနိုင်တဲ့ အံ့ဖွယ်ဆေးရယ်လို့ သီးသန့် မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အော်တစ်ဇင်ဟာ ရောဂါတစ်ခု မဟုတ်ဘဲ အာရုံကြော ဖွံ့ဖြိုးမှု ပုံစံ ကွဲပြားတာမျိုး ဖြစ်လို့ပါ။ ဒါပေမဲ့ လိုအပ်တဲ့ ကုထုံးတွေကို စောစီးစွာ စတင်ပေးရင်တော့ ကလေးရဲ့ စွမ်းဆောင်ရည်ကို သာမန်ကလေးတွေနီးပါး တိုးတက်လာအောင် ကူညီပေးလို့ ရပါတယ်။

◾️အပြုအမူဆိုင်ရာ ကုထုံး – Behavioral Therapy (ABA Therapy)
-ကလေးရဲ့ မလိုလားအပ်တဲ့ အပြုအမူတွေကို လျှော့ချပြီး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်မယ့် အပြုအမူကောင်းတွေကို ဆုပေးစနစ်နဲ့ လေ့ကျင့်ပေးတဲ့ ကုထုံး ဖြစ်ပါတယ်။

◾️စကားပြောကုထုံး – Speech and Language Therapy
-စကားပြောဆိုနိုင်စွမ်း၊ အသံထွက် ပီသမှုနဲ့ စကားလုံးတွေနဲ့ စိတ်ခံစားချက် ဖော်ပြနိုင်အောင် ကူညီပေးပါတယ်။ ဘာသာစကား စွမ်းရည်နဲ့ ဆက်ဆံရေး တိုးတက်ဖို့ အလွန်လိုအပ်ပါတယ်။

◾️လုပ်ငန်းဆောင်တာ ကုထုံး – Occupational Therapy (OT)
-လက်ချောင်းလေးတွေ အသုံးပြုပြီး စာရေးတာ၊ ကြယ်သီးတပ်တာစတဲ့ နေ့စဉ် လုပ်ငန်းဆောင် တာတွေနဲ့ အာရုံခံစားမှုဆိုင်ရာ ထိန်းချုပ်မှု (Sensory Integration) တွေကို လေ့ကျင့်ပေးတာ ဖြစ်ပါတယ်။

◾️ဆေးဝါးဖြင့် ကုသခြင်း (Medication)
-အော်တစ်ဇင် ပျောက်အောင် ပေးတဲ့ဆေး မဟုတ်ပေမဲ့ ပူးတွဲပါလာတတ်တဲ့ ဝေဒနာတွေကို ထိန်းချုပ်ဖို့ ဆရာ ဝန်တွေက ညွှန်ကြားတတ်ကြပါတယ်။ ဥပမာ – အလွန်အမင်း ဂဏာမငြိမ်ခြင်းနဲ့ ဒေါသထွက်ခြင်း အတွက် စိတ်ကျန်းမာရေးဆေးများ (Antipsychotics)၊ စိုးရိမ်စိတ်လွန်ကဲခြင်းအတွက် စိတ်ငြိမ်ဆေးများ (SSRIs) နဲ့ အိပ်မပျော်တဲ့ ပြဿနာအတွက် အိပ်ဆေးများကို ဆရာဝန် ညွှန်ကြားချက်အတိုင်း သုံးစွဲကြရတာ ဖြစ်ပါတယ်။

🟥မိဘတွေနှင့်လူထုကြားမှ လွဲမှားနေသော အယူအဆများ

ဒီနေရာမှာ အများပြည်သူနဲ့ မိဘတွေကြား လွဲမှားနေတဲ့ အယူအဆအချို့ကိုလည်း ရှင်းပြချင်ပါတယ်။

ပထမအချက်အနေနဲ့ ကာကွယ်ဆေးကြောင့် အော်တစ်ဇင် မဖြစ်ပါဘူး။ ကလေးတွေကို ထိုးနှံပေးတဲ့ ကာကွယ် ဆေးတိုင်းဟာ အော်တစ်ဇင် ရောဂါ မဖြစ်စေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ သုတေသနပေါင်းများစွာက အခိုင်အမာ သက်သေပြပြီး ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ အော်တစ်ဇင်ဆိုတာ ကူးစက်ရောဂါ မဟုတ်ပါဘူး။ အခြားကလေးတွေနဲ့ အတူတူ ဆော့ကစားတာ၊ ကျောင်းတက်တာတွေကြောင့် ကူးစက်ခြင်း လုံးဝ မရှိပါဘူး။

တတိယအချက်အဖြစ် အော်တစ်ဇင်ဆိုတာ မိဘတွေ ပြုစုစောင့်ရှောက်မှု မှားယွင်းလို့ ဖြစ်တာ မဟုတ်ပါဘူးဆိုတာပါ။ မိဘတွေ ကလေးအပေါ် ဂရုစိုက်မှု လိုလို့၊ ပြုစုပျိုးထောင်ပုံ မှားလို့ဆိုပြီး အော်တစ်ဇင်ကလေးရဲ့ မိဘတွေကို အပြစ်ဆိုတာတွေဟာ လုံးဝ မှားယွင်းပါတယ်။

စတုတ္ထအချက် ကတော့ ဖုန်းနဲ့ တီဗီ ကြည့်လွန်လို့ အော်တစ်ဇင် ဖြစ်တယ်ဆိုတာ မဟုတ်ပါဘူး။ စခရင် (Screen) အကြည့်လွန်တာက စကားပြောစွမ်းရည် တိုးတက်မှုကို နှောင့်နှေးစေနိုင်တာ မှန်ပေမဲ့ အော်တစ်ဇင်ဖြစ်အောင် မလုပ်နိုင်ပါဘူး။ ဒီလို အချက်အလက် အမှားတွေနဲ့ မိသားစုဝင်တွေကို စိတ်ဒဏ်ရာ ရအောင် မလုပ်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။

🟥မတူညီရုံပါ၊ နိမ့်ကျမနေပါဘူး

အော်တစ်ဇင် ရှိသူတွေဟာ ခေတ်မီ အသုံးအနှုန်းအရ (Neurological Diversity) အာရုံကြော ဖွံ့ဖြိုးမှုပုံစံ ကွဲပြားသူများသာ ဖြစ်ကြပါတယ်။ သူတို့ရဲ့ သီးခြား ပါရမီစွမ်းရည်တွေကို စနစ်တကျ အသုံးချ တတ်သွားရင် စာရင်းဇယား၊ အနုပညာနဲ့ ဂီတနယ်ပယ်တွေမှာ အလွန် ထွန်းပေါက်သွားနိုင်ကြပါတယ်။ သမိုင်းကို ပြန်လေ့လာကြည့်ရင် အော်တစ်ဇင်လက္ခဏာစု ရှိတယ်လို့ ယူဆရပြီး အလွန်ထူးချွန် ထက်မြက်တဲ့ ပါရမီရှင်တွေ အများကြီး ရှိခဲ့ပါတယ်။

အော်တစ်ဇင် ကလေးတစ်ဦးကို ပြုစုပျိုးထောင်ရတာဟာ မိသားစုအတွက် မေတ္တာ၊ စေတနာနဲ့ စိတ်ရှည်သည်းခံမှုတွေများစွာ ရင်းနှီးပြီး ကျော်ဖြတ်ရတဲ့ ဘဝခရီးရှည်ကြီး တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့က အော်တစ်ဇင်အကြောင်း စနစ်တကျ နားလည်ထားတဲ့အခါ ရုန်းကန်နေရတဲ့ မိသားစု တွေကို ကူညီပေးနိုင်မှာဖြစ်သလို ကလေးရဲ့ စွမ်းဆောင်ရည်ကို အမြင့်မားဆုံးရောက်အောင် စောစီးစွာ မြေတောင်မြှောက်ပေးနိုင်မှာ ဖြစ်ပါတယ်။

သူတို့လေးတွေဟာ ကမ္ဘာကြီးကို အခြားသူတွေနဲ့ မတူတဲ့ ရှုထောင့်ကနေ ကြည့်မြင်သူတွေ ဖြစ်ပါတယ်။ လူမှုအဖွဲ့အစည်းက ဖယ်ကြဉ်မထားဘဲ နားလည် စာနာမှုတွေနဲ့ ဖေးမပေးခြင်းကသာ အော်တစ်ဇင် ကလေးငယ်တွေရဲ့ အစွမ်းအစကို အပြည့်အဝ ဖော်ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

နောက်တစ်ပတ်မှာတော့ ” နွားနို့ နှင့် ဒိန်ချဉ် ” ဆောင်းပါး ကို တင်ဆက်ပေးပါမယ်။ ဧရာ၀တီတိုင်းမ် ပရိသတ်များ အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေခင်ဗျာ။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #အော်တစ်ဇင် #ဒေါက်တာမိုးသစ်နေ #Ayeyarwaddy_Times