‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၂ ရက်

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်ဘက်တွင် ရွေးတုအစိုးရ စစ်တပ်က အင်အားတိုးချဲ့ ချထားမှုများနှင့်အတူ ဒေသတွင်း လုံခြုံရေး ကြပ်မတ်မှုများကို ပိုမိုတင်းကျပ်စွာ လုပ်ဆောင်လာကြောင်း ဒေသခံများထံမှ သိရသည်။

‎စစ်တပ်သည် အဆိုပါဧရိယာအတွင်း သတင်းပေါက်ကြားနေမှုများရှိသည်ဟုဆိုကာ ဒေသခံပြည်သူများ ကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေပြီး ရမ်းကားမှုများပါ ပြုလုပ်လျက်ရှိ‌ကြောင်း သိရသည်။

‎”ဒီရက်ပိုင်း သာပေါင်းကနေလူစုတာပဲ စစ်သား ၅၂၀ ကျော်လောက်ရှိမယ်။ ဘုရားကြီးနဲ့ ရေကြည်ဘက် ဆက်တက်ကြတယ်။ လူစိမ်းမြင်ရင် အကုန်ဖမ်းတယ်။ သင်တန်းကျောင်းကိုပို့တာရှိသလို တပ်ရင်း တွေဘက် ပို့တာလည်းရှိတယ်” ဟုသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ထို့အပြင် ပြီးခဲ့သည့် ဇူလိုင် ၃၀ရက်နေ့က သာပေါင်းမြို့နယ်ဘက်သို့ နယ်ကျော်ရောက်ရှိလာသည့် စစ်ဘေးရှောင် ပြည်သူရှစ်ဦးကိုလည်း နေရာအသီးသီးတွင် ဖမ်းဆီးခဲ့ပြီး ရွှေမြင်တင်ရှိ အမှတ် (၆) လေ့ကျင့်ရေးသင်တန်းကျောင်းသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

လက်နက်၊ ခဲယမ်းနှင့် ရိက္ခာများ သယ်ယူပို့ဆောင်ရေးအတွက် ဒေသခံများ၏ လှည်းများနှင့် ဆိုင်ကယ်များကို ချောဆွဲယူဆောင်လျက်ရှိပြီး မောင်းနှင်မည့် ရွာသားများကိုလည်း တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ ခေါ်ဆောင်သွားသည့်အခါ စစ်ကြောင်း၏ ရှေ့ဆုံးမှ သွားရောက်ခိုင်း၍ လူသားဒိုင်းအဖြစ် အသုံးချလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ရွေးတုအစိုးရစစ်တပ်သည် ယခုရက်ပိုင်းအတွင်း စက်ဒေါင့်ကြီးမှနေ၍ ဘုရားကြီးနှင့် ကမ္ဘားကြီး စစ်အခြေစိုက်စခန်းများသို့ အင်အား ၅၀၀ ကျော် ပို့ဆောင်ထားပြီး လက်နက်၊ ခဲယမ်းနှင့် ရိက္ခာများကိုပါ အရှိန်အဟုန်ဖြင့် ဖြည့်တင်းလျက်ရှိသည်။

ဓာတ်ပုံ-လူမှုကွန်ရက်