‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၂ရက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း ရွေးတုအစိုးရ စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများ ပြန်လည်ပြင်းထန်လာနေပြီး နေရာ သုံး ခုထက်မနည်းတွင် စစ်မျက်နှာ ကျယ်ပြန့်စွာ ဖြစ်ပွား လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မေလအတွင်းက ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးနှင့် တောင်မော်ဦး ရေတပ်စခန်းအနီးတို့တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် မူလတိုက်ပွဲဖြစ်ရာ နေရာများမှာ အတန်ငယ် ငြိမ်သက်သွား ခဲ့သော်လည်း ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်မှစ၍ မင်းပြင်၊ ရေနံတောင်နှင့် ဇိုင်ချောင်းကျေးရွာများအနီးသို့ တိုက်ပွဲများ ပြန်လည်ကျယ်ပြန့်လာခဲ့ခြင်း ဖြစ်သည်။

“မင်းပြင်ဘက်တွေမှာ ဒီရက်ပိုင်း ထိတွေ့တိုက်ပွဲငယ် နည်းနည်းရှိခဲ့တယ်။ အရင်ရက်တွေက ကင်းပုန်းတို့ နယ်မြေရှင်းလင်းတို့ ထွက်လာတဲ့ စစ်ကြောင်းတိုင်း စနိုက်ပါလက်ချက်မိတာတွေ ရှိခဲ့တယ်။ အခုက နှစ်ဖက် ပြန်လည်ပစ်ခတ်လာတာပါ” ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက်ကလည်း တောင်မော်ဦး ရေတပ်အနီးရှိ အဝတောင်ကျေးရွာတွင် အခြေစိုက်ထားသည့် စစ်တပ်စစ်ကြောင်းတစ်ခုသည် နယ်ကျွံကာ AA ၏ နယ်မြေအတွင်း ရောက်ရှိ လာသဖြင့် ပိတ်ဆို့တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မင်းပြင်နှင့် သိုင်းချောင်း ဝန်းကျင်တွင် အင်အား ၁၀၀ ကျော်ပါဝင်သော စစ်တပ်စစ်ကြောင်းနှင့် AA တို့သည် ပြီးခဲ့သည် ဇူလိုင် ၂၉ ရက်ကလည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည့်အပြင် နောက်ဆက်တွဲ အနေဖြင့် ဩဂုတ် ၁ ရက် ညနေ ၆ နာရီခန့်တွင် စစ်တပ်က စနဲမြို့ပေါ်သို့ လေကြောင်းမှ ဗုံးကြဲတိုက် ခိုက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကျောက်ဖြူမြို့နယ်အတွင်း မူလက တိုက်ပွဲဖြစ်ပွားခဲ့ဖူးသော နေရာများ၌ တိုက်ပွဲများ ပြန်လည်စတင်လာနေပြီး စစ်တပ်က အင်အားစုဖွဲ့ကာ AA ထိန်းချုပ်နယ်မြေများအတွင်းသို့ စစ်ကြောင်း ထိုး စိမ့်ဝင်ရန် ကြိုးပမ်းလာခြင်းကြောင့် အလွန်ပင် စစ်ရေး တင်းမာလျက် ရှိသည်။

ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)