ဧရာဝတီတိုင်းမ်
ဩဂုတ် ၂ရက်
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက် ညပိုင်းက ငဝန်ရေကာတာ တာမိုင် ၂၅/၃ ၌ စတင်တာကျိုးပေါက်ခဲ့ပြီးနောက် လက်ရှိတွင် တာကျိုးသည့် အခြေအနေမှာ ပိုမိုကျယ်ပြန့်လာသည့်အတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအတွင်းသို့ ရေများ အရှိန်အဟုန်ဖြင့် စီးဝင်ကာ အရေးပေါ် အခြေအနေ ဖြစ်ပေါ်လျက် ရှိသည်။
ယခု ရေကြီးရေလျှံမှုသည် ရေကာတာ ရုတ်တရက် ကျိုးပေါက်မှုကြောင့် ဖြစ်ပြီး ဒေသခံ ပြည်သူအများစုမှာ ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများကို သယ်ယူနိုင်ခြင်း မရှိဘဲ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကာ အချို့သော ဒေသခံများမှာလည်း ပိတ်မိနေဆဲ ဖြစ်ကြောင်း သိရသည်။

”ရေကျတာကိုစောင့်ကြည့်ရမယ့် အခြေအနေလုံးဝမဟုတ်ပါဘူး။ အချိန်နဲ့တပြေးညီကူညီပေးနေရမယ့် အခြေအနေပါ။ အခုဖြစ်တာက ပုံမှန်ရေတက်မယ်ပြီးရင်ရေကျမယ်ဆိုတဲ့ အခြေအနေမဟုတ်ဘဲ တာကျိုးပေါက် သွားတာကြောင့် မြစ်ရေတက်နေသမျှ ရေတွေဆက်တိုက်ဝင်နေမှာပါ။ အခြေအနေ တည်ငြိမ်ဖို့ နှစ် လလောက်ကြာသွားနိုင်တယ်” ဟု ဒေသခံသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လေးမျက်နှာမြို့နယ်အတွင်း ငဝန်မြစ်ရေ ဝင်ရောက်မှုကြောင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၀ ခုမှ အိမ်ခြေ ၁,၇၃၄ အိမ်၊ အိမ်ထောင်စု ၁,၇၆၄ စု၊ လူဦးရေ ၈,၃၈၂ ဦးခန့် ရေဘေးသင့်ခဲ့သည်။ ထို့ပြင် ကျေးရွာအုပ်စု ၆ အုပ်စုမှ တောင်သူ ၂,၅၉၃ ဦး၏ မိုးစပါးစိုက်ဧက ၆,၃၇၁ ဧက ရေနှစ်မြုပ်နေပြီး သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှု များပြားနိုင်ကြောင်း သိရသည်။
ရေဘေးကူညီမည့် အလှူရှင်များနှင့် အဖွဲ့အစည်းများအနေဖြင့် အရေးပေါ်လှေများ ဝယ်ယူကာ ရေကြောင်း၊ ရေပြင် မကျွမ်းကျင်ဘဲ တိုက်ရိုက် မောင်းနှင် ကူညီခြင်းထက် နယ်မြေကျွမ်းကျင်သည့် ဒေသခံ ကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ အကူအညီပေးကြရန် မြေပြင်တွင် ရောက်ရှိနေသည့် ကူညီရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

မိုးတွင်းကာလတစ်လျှောက် ရေကျရန် ကြာမြင့်နိုင်သည့်အတွက် ရေဘေးသင့် ပြည်သူများအတွက် စားနပ်ရိက္ခာ၊ သောက်ရေသန့်နှင့် အဓိက လိုအပ်သည့် ကူညီထောက်ပံ့မှုများကို ရေရှည်အတွက် ပံ့ပိုးပေးနိုင်မည့် နည်းလမ်းများဖြင့် ကူညီကြရန်လည်း တိုက်တွန်းထားသည်။
လက်ရှိတွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံ ကယ်ဆယ်ရေးအဖွဲ့များက ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော်လည်း ရပ်ကွက်ကျေး ရွာများ အတွင်း ပိတ်မိနေသူများ ရှိနေသေးသည်။ ထို့ပြင် မြစ်ရေကြီးသည့် အချိန်အတွင်း ရေများမှာ အနိမ့်ပိုင်းကျေးရွာများသို့ ဆက်လက် စီးဝင်နေသည့်အတွက် အရေးပေါ် ပြောင်းရွှေ့ရန် လိုအပ် လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်