ဧရာဝတီတိုင်းမ်
ဩဂုတ် ၂ ရက်
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်တွင် မိခင်ဖြစ်သူနှင့် ရင်းနှီးကျွမ်းဝင်သူ အမျိုးသားတစ်ဦးက နေအိမ်၌ ညအိပ်လာရောက်တည်းခိုစဉ် မိသားစုဝင်များအား ခြိမ်းခြောက်၊ တူဖြင့်ထုရိုက်၍ တန်ဖိုးရှိ ပစ္စည်းများ လုယက်ယူဆောင်သွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ဥက္ကလာပမြို့နယ်၊ (၁၃) ရပ်ကွက်၊ အနော်မာ (၁) လမ်းရှိ နေအိမ်တစ်အိမ်သို့ မိခင်ဖြစ်သူနှင့် ခင်မင်ရင်းနှီးသူ အမျိုးသားတစ်ဦး ညအိပ်လာရောက်တည်းခိုရာမှ စတင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ တည်းခိုစဉ် အဆိုပါအမျိုးသားက နေအိမ်အတွင်းရှိ မိခင်ဖြစ်သူ၊ သမီးဖြစ်သူနှင့် တူမဖြစ်သူတို့အား ခြိမ်းခြောက်ကာ တန်ဖိုးရှိပစ္စည်းများကို လုယက်ယူဆောင်ခဲ့သည့်အပြင် တူဖြင့်ပါ ထုရိုက်ခဲ့ခြင်းဖြစ် ကြောင်း အေးချမ်းဖြူစင်မေတ္တာရှင် လူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါ တူဖြင့် ထုရိုက်ခံရမှုကြောင့် မိခင်၊ သမီးနှင့် တူမဖြစ်သူတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် နယ်မြေရှိ အေးချမ်းဖြူစင်မေတ္တာရှင် လူမှုကူညီရေးအသင်းက ဆေးကုသမှုခံယူရန် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် အသိပေးထားသည်။
လက်ရှိတွင် ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေပြီး ကျူးလွန်သူ အမျိုးသားအား ဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ-အေးချမ်းဖြူစင်မေတ္တာရှင် လူမှုကူညီရေးအသင်း