ဧရာဝတီတိုင်းမ်
ဩဂုတ် ၂ ရက်
ပီရူးနိုင်ငံတောင်ပိုင်း နာဇကာပြည်နယ်ရှိ နာမည်ကျော် ရှေးဟောင်းသုတေသနနယ်မြေအပေါ် ပျံသန်း နေစဉ် ခရီးသွားလေယာဉ်ငယ်တစ်စင်း စနေနေ့က ပျက်ကျခဲ့လို့ လေယာဉ်မှူး နှစ် ဦးအပါအဝင် လူ ၁၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသန္တရအာဏာပိုင်တွေက ပြောပါတယ်။
ပီရူးအစိုးရရုပ်သံလိုင်း (TV Peru) ရဲ့ ဖော်ပြချက်အရ အဆိုပါလေယာဉ်ပေါ်မှာ ခရီးသည် ၁၁ ဦးနဲ့ လေယာဉ်မှူး နှစ် ဦး လိုက်ပါလာပြီး ပက်ဘလိုဗီယေဂျိုဒေသမှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ လေယာဉ် ပျက်ကျရာနေရာဟာ နာဇကာမြို့မှ ၆ ကီလိုမီတာခန့်၊ ရှေးဟောင်းသုတေသနနယ်မြေ မှ ၁၂ ကီလိုမီတာ ခန့် ဝေးကွာတယ်လို့ သိရပါတယ်။
ဒေသန္တရ အာဏာပိုင်တွေရဲ့အဆိုအရ လေယာဉ်ဟာ ပီရူးလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ အဲရိုဒီ ယားနား ပိုင်ဖြစ်ပြီး အခြေအနေနဲ့ပတ်သက်လို့ အဆိုပါလေကြောင်းလိုင်းက တစ်စုံတစ်ရာ မှတ်ချက်ပေး ခြင်း မရှိသေးပါဘူး။
လေယာဉ်ဟာ ပစ္စကိုလေဆိပ်ကနေ ရှုခင်းကြည့် ပျံသန်းဖို့ ထွက်ခွာလာတာဖြစ်ပြီး ထွက်ခွာပြီး မိနစ်ပိုင်းအတွင်းမှာ လေကြောင်းထိန်းသိမ်းရေးစခန်းနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာလို့ သိရ ပါတယ်။
လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို မသိရှိရသေးဘဲ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှု တွေ စတင်နေပြီ ဖြစ်ပါတယ်။
လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံမှတ်တမ်းတွေမှာ ခြောက်သွေ့နေတဲ့ ကန္တာရလွင်ပြင်မှာ မီး ခိုးတွေ ထွက်နေတဲ့ လေယာဉ်အပျက်အစီးတွေကို တွေ့ရပြီး အဆိုပါရုပ်သံဖိုင်တွေကို အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရှေးဟောင်းသုတေသနနယ်မြေဟာ ကန္တာရအတွင်း ထွင်းထု ထားတဲ့ ရှေးဟောင်းရုပ်ထုတွေကြောင့် နှစ်စဉ် ခရီးသွား ၁ သိန်းခန့် လာရောက်လေ့ရှိပြီး အများစု မှာ လေယာဉ်ငယ်တွေနဲ့ အထက်စီးမှ ကြည့်ရှုကြတာ ဖြစ်ပါတယ်။
လေယာဉ်မပျက်ကျမီတစ်ရက်က အနီးအနားရှိ မာရီယာရိုက်ချ်လေဆိပ်မှ ခရီးသွား ပျံသန်းမှုတွေ ကို တစ်နာရီ ကီလိုမီတာ ၄၀ အထက် လေပြင်းများ တိုက်ခတ်မှုကြောင့် ရပ်ဆိုင်းခဲ့ရပါတယ်။
အဆိုပါလေပြင်းတွေကြောင့် ဖုန်မှုန့်တွေ ထွက်နေပြီး မြင်ကွင်း မရှင်းလင်းလို့ ခရီးသည်တင်လေယာဉ် နှစ် စင်းကို မာကိုနာလေဆိပ်သို့ လမ်းကြောင်းပြောင်းပေးခဲ့ရတယ်လို့ ဒေသန္တရမီဒီယာတွေက ဖော်ပြပါတယ်။
ကိုးကား – India Today
Ref; Two pilots among 13 killed in small tourist plane crash in Peru