ဧရာဝတီတိုင်းမ်
ဩဂုတ် ၂ ရက်

 

မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်းသို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော် ၃၀၀ ကျော် လက်နက်ခဲယမ်းအချို့နှင့်အတူ အလင်းဝင်ရောက်လာသည်ဟု ရွေးတုအစိုးရ စစ်တပ်ဘက်က သတင်းထုတ်ပြန်ထားသော်လည်း ယင်းဖော်ပြချက်ပါ အရေအတွက်မှာ အမှန် မဟုတ်ဘဲ ပုံကြီးချဲ့ ဝါဒဖြန့်ခြင်းသာ ဖြစ်ကြောင်း မြေပြင်တော်လှန်ရေး အင်အားစုများက ပြန်လည် တုံ့ပြန်ထားသည်။

 

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ၊ ရန်အောင်မြင်ခန်းမတွင် ယမန်နေ့ ဩဂုတ် ၁ ရက်နေ့က အလင်းဝင်ရောက်လာသူများအား ကြိုဆိုသည့် အခမ်းအနား ပြုလုပ်ခဲ့ရာ လပခ တိုင်းမှူးနှင့် မန္တလေးတိုင်း ဝန်ကြီးချုပ်တို့ တက်ရောက်ကာ အမှာစကားပြောကြားခြင်း၊ ဆုကြေးငွေများ ပေးအပ် ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း ရွေးတုအစိုးရ၏ ဝါဒဖြန့် မီဒီယာများတွင် ဖော်ပြထားသည်။

စစ်တပ်လော်ဘီများ ထုတ်ပြန်သည့် ဗီဒီယိုမှတ်တမ်းများအရ အလင်းဝင်လာသည်ဟု ဆိုသူများ ဝတ်ဆင်ထားသည့် စစ်ဝတ်စုံများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ယူနီဖောင်းများအပြင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ရက္ခိုင့်တပ်တော် (AA) တံဆိပ်ပါ ယူနီဖောင်းများ ရောထွေးပါဝင်နေသည်ကို တွေ့ရသည်။

 

ထို့အပြင် ၂၀၂၂ ခုနှစ် မေလမှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ လပခ အတွင်းသို့ အလင်းဝင်ရောက်လာသူ အမျိုးသား ၂,၄၃၁ ဦး၊ အမျိုးသမီး ၂၆၉ ဦး၊ စုစုပေါင်း ၂,၇၀၀ အထိ ရှိလာပြီဟုလည်း စစ်တပ်ဘက်က ကိန်းဂဏန်းများဖြင့် ဖော်ပြထားသည်။

“မြေပြင်မှာ စစ်ကြောင်းမထိုးနိုင်ဘဲ စစ်ကြောင်းပျက်နေတဲ့ စစ်တပ်ဆီကို ကျွန်တော်တို့ KNLA တပ်တွေက လက်နက်ချပါတယ်ဆိုတဲ့ အကွက်ကိုတော့ ချင့်ယုံပေါ့။ သူတို့ဆီကို မဝင်ဘူးမဟုတ်ဘူး၊ သန္ဓေမမှန်တဲ့သူတချို့ ဝင်သွားတာတော့ ရှိတယ်။ အနည်းအကျဉ်းပဲ” ဟု KNU/KNLA ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

 

စစ်တပ်ထံ ဘက်ပြောင်းသွားသူ အချို့ရှိနိုင်သော်လည်း ယင်းကဲ့သို့ ကိန်းဂဏန်း အမြောက်အမြား ဖော်ပြထားခြင်းမှာ စစ်တပ်၏ စိတ်ဓာတ်စစ်ဆင်ရေးဆိုင်ရာ ဝါဒဖြန့် ပုံကြီးချဲ့မှုသာ ဖြစ်ကြောင်း မြေပြင် တော်လှန်ရေးအင်အားစုများက ဆိုထားသည်။

 

ရွေးတုအစိုးရ စစ်တပ်သည် ယခင်ကလည်း မြေပြင်တွင် အမှန်တကယ် မရှိဘဲ အမည်နာမ လုပ်ကြံ ဖန်တီးထားသည့် အဖွဲ့အစည်းများ လက်နက်ချခိုလှုံသည်ဟု ဆိုကာ သတင်းတု၊ သတင်းမှား များဖြင့် ဝါဒဖြန့် စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်ခဲ့သည့် ဖြစ်စဉ်များစွာ ရှိခဲ့သည်။

ဓာတ်ပုံ-ရွေးတုအစိုးရ