
နှစ်ပတ်အတွင်း ကရင်နီပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က ၈၀ ထက်မနည်း ထိခိုက် သေဆုံး
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၆ ရက်
စစ်ကောင်စီတပ်များသည် စက်တင်ဘာလ ဒုတိယအပတ်အတွင်း မိုးဗြဲမြို့သို့ အပြင်းအထန် ထိုးစစ်ဆင်ခဲ့သည့် အပြင် ဒီးမော့ဆိုမြို့နယ် ပူဖား၊ ဒေါခမီးနှင့် နန်းမယ်ခုံကျေးရွာတို့တွင်လည်း အင်အားအလုံးရင်းဖြင့် စစ်ကြောင်းထိုးလျက်ရှိပြီး ဖရူဆိုမြို့အခြေစိုက် တပ်စခန်းများမှ စစ်ယာဥ်တန်း(၂၀) ကျော်ကို ဒီးမော့ဆိုမြို့ဖက်သို့ တပ်အင်အားဖြည့်တင်းခဲ့ကြောင်း KNDF
က သတင်းထုတ်ပြန်ထားသည်။
စက်တင်ဘာလ (၈) ရက်နေ့မှစ၍ ဒီးမော့ဆိုမြို့နယ်နှင့် ဖယ်ခုံမြို့နယ် နယ်စပ်ရှိ ဝါရီဆူဖလှိုင်မှ မိုးဗြဲမြို့သို့ စစ်ကြောင်းထိုးလာ သော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA)၊ KNDF/B03၊ B11၊ Moebye PDF၊ Phekhon PDF၊ KRU နှင့် URF တို့မှ ပူးပေါင်း၍ ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ (၈) ရက်နေ့မှ (၁၁) ရက်နေ့အထိ (၄) ရက်ဆက်တိုက် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် အဆမတန် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် လေကြောင်းဖြင့်လည်း စက်တင်ဘာလ (၉) ရက်နေ့မှ (၁၁) ရက်နေ့အထိ (၃) ရက်တိုင်တိုင် (၁၅)ကြိမ်ထက်မနည်း လာရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် မိုးဗြဲမြို့ပေါ်ရှိ ပြည်သူနေအိမ်အလုံး(၁၀၀) နီးပါး ထိခိုက်ပျက်စီးခဲ့ရပြီး မိုးဗြဲမြို့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖက်မှ အရာရှိများအပါအဝင် တပ်သား (၆၀)ဦးခန့် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များဖက်မှ စစ်ကောင်စီ၏ လက်နက်ငယ် (၁၃) လက်၊ လက်နက်ကြီးလက်နက်ငယ်ခဲယမ်းများ
ဆက်သွယ်ရေးစက်နှင့် စစ်အသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ (၈) ရက်နှင့် (၁၃) ရက်နေ့တို့တွင် ဒီးမော့ဆိုမြို့နယ် ထူလွှီးဘီလာနှင့် ခြေတော်ရာဘုရားအနီးရှိ သဲတောင်တွင် စစ်ကောင်စီတပ်များ တပ်စွဲထားပြီး KNDF/B10 နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်မှုများကို အတည်မပြုနိုင်ကြောင်း ရေးသားဖော်ပြထားသည်။
စက်တင်ဘာလ (၁၁)ရက်နေ့၌ ဒီးမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာအနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်၏ ကင်းပုန်းစခန်းကို KNDF/B05 နှင့် KRU တို့မှလက်နက်ကြီးဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ ကင်းဝပ်နေသော စစ်ကောင်စီတပ်သား (၄) ဦး သေဆုံးခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ (၁၃) ရက်နေ့ ညနေ (၃း၀၀) နာရီအချိန်တွင် နန်းမယ်ခုံမြို့ အနီးရှိ ဆင်မတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA) နှင့် KNDF/B07 တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၃) ဦး သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ကြောင်း သိရသည်။
ထို့အပြင် ၄င်းနေ့တွင်ပင် မိုးဗြဲမြို့သို့ စစ်ကူသွားခဲ့သော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ကို ဝီသဲကူးကျေရွာအနီးတွင် KNDF/B07 မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ အရာရှိတစ်ဦးအပါအဝင် တပ်သား (၁၃)ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
စက်တင်ဘာ (၁၄)ရက်နေ့ နံနက် (၁၀း၀၀) နာရီခန့်တွင် ဒီးမော့ဆိုမြို့နယ် ဒေါခမီးကျေးရွာနှင့် ဆောင်ဒူရွာသစ် အနီးတွင် စစ်ကြောင်း (၃) ကြောင်းဖြင့် စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်များကို KNDF/B06 မှ ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖက်မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့်အပြင် လက်နက်ကြီးများဖြင့် အပြင်းအထန် ပစ်ခတ်
တိုက်ခိုက်ခဲ့သဖြင့် ထိတွ့တိုက်ပွဲ (၂) နာရီကျော် ကြာမြင့်ပြီး မိမိတို့ဖက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဖရူဆိုမြို့နယ်တွင်လည်း ဒေါညေးခူကျေးရွာအတွင်းတပ်စွဲထားသော စစ်ကောင်စီတပ်များကို စက်တင်ဘာလ (၁၁) ရက်နေ့ မွန်းတည့်အချိန်တွင် ကရင်နီတပ်မတော်(KA)နှင့် KNDF/B04၊ B15 တို့မှ တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖက်မှ (၃) ဦး သေဆုံးပြီး (၄)ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး စက်တင်ဘာလ (၁၂) ရက်နေ့ ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာအနီး
တောင်ပေါ်တွင် စခန်းချနေသော စစ်ကောင်စီတပ်စခန်းကို KNDF/B15 မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၂)ဦး ထိခိုက် သေဆုံးခဲ့ကြောင်း သိရသည်။
လွိုင်ကော်မြို့နယ်တွင်လည်း စက်တင်ဘာလ (၁၂) ရက်နေ့နံနက် (၉း၀၀) အချိန်တွင် စစ်ကောင်စီ၏ ကယန်းသာယာ စစ်ဆေးရေးဂိတ်အား KNDF/B02၊ B14 နှင့် Loikaw PDF တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဗိုလ်တစ်ဦး အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူများ များပြားခဲ့ကြောင်း KNDF က ရေးသားဖော်ပြထားသည်။
#Ayeyarwaddy_Times