
မီဇိုးပြည်နယ်တွင် ရာသီတုပ်ကွေးကြောင့် မြန်မာစစ်ဘေးရှောင်ပြည်သူအများအပြားဖျားနာနေကြပြီး ခက်ခက်ခဲခဲဆေးကုသနေ
ဧရာဝတီတိုင်းမ်
(ချင်းပြည်နယ်)၊ စက်တင်ဘာလ ၁၆ ရက်
အိန္ဒိယနိုင်ငံ၊ မီဇိုးပြည်နယ်တွင် ရာသီတုပ်ကွေးကြောင့် မြန်မာစစ်ဘေးရှောင်ပြည်သူအများအပြားဖျားနာနေကြပြီး ငွေရေး၊ ကြေးရေးအခက်အခဲကြောင့် ဆေးဝါးကုသမှုများပြုလုပ်ရာတွင် အခက်အခဲများကြုံတွေ့နေကြကြောင်း မြန်မာစစ်ဘေးရှောင်ပြည်သူများထံမှ သိရသည်။
ရာသီတုပ်ကွေးအဖြစ်များမှုကြောင့် ဒေသခံမီဇိုးပြည်သူများလည်း ဖျားနာနေကြသလို မြန်မာစစ်ဘေးရှောင်စခန်းများတွင် တုပ်ကွေးဖျားနာမှုများမြင့်တက်လာက ဆေးကုသမှုခံယူရန်နှင့် လိုအပ်သောဆေးဝါးဝယ်ယူနိုင်ရန် အခက်ကြုံနေကြကြောင်းစစ်ဘေးရှောင်ပြည်သူများက ဆိုသည်။
“မီဇိုးရမ်မှာ အခုသလော ရာသီတုပ်ကွေးဖြစ်ပွားတဲ့အတွက် ဒေသခံတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေ အကုန်လုံးနီးပါး ဖျားနာနေကြတယ်။ တုပ်ကွေးဆိုတော့ တစ်ဆင့်ပြီးတဆင့် ကူးစက်ပျံ့ပွားသွားတာပေါ့။ ဒါကြောင့် စစ်ဘေးရှောင်စခန်းတွေမှာဆို အကုန်ဖျားနေကြတယ်။ အိမ်ဌားနေထိုင်ကြတဲ့ မြန်မာစစ်ဘေးရှောင် ပြည်သူတွေလည်း အကုန်လုံးနီးပါး
ဖျားနာနေကြတယ်။ အဓိကလိုအပ်ချက်ကတော့ စစ်ဘေးရှောင်ပြည်သူ လူထုတွေက တစ်နေ့လုပ်၊ တစ်နေ့စာဘဝတွေဆိုတော့ ငွေရေး၊ ကြေးရေးပိုင်းဆိုင်ရာမှာ အခက်တွေ့နေကြတယ်။ လိုအပ်တဲ့ ဆေးဝါးတွေကို ဝယ်ယူနိုင်ဖို့အတွက် အခက်အခဲကြုံတွေ့နေကြတယ်။ လောလောဆယ်မှာတော့ တတ်နိုင်သလောက် ကုသမှုတွေ ပြုလုပ်နေကြပါတယ်”ဟု
မြန်မာစစ်ဘေးရှောင်ပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြန်မာစစ်ဘေးရှောင်စခန်းများတွင် ရာသီတုပ်ကွေးကြောင့် ဖျားနာသူများကို ဆေးဘက်ဆိုင်ရာ CDM ဆရာဝန်၊ သူနာပြုများက ဆေးဝါးကုသမှုများဆောင်ရွက်ပေးနေပြီး တုပ်ကွေးနှင့် ပတ်သက်သော ဆေးဝါးလိုအပ်ချက်များရှိနေကြောင်း CDM ဆရာမများထံမှ သိရသည်။
ရာသီတုပ်ကွေးကြောင့် ဖျားနာသော မြန်မာစစ်ဘေးရှောင်ပြည်သူများသည် မီဇိုးပြည်နယ်အတွင်းရှိ ဆေးခန်းတစ်ချို့တွင် သွားရောက်ကုသမှုများခံနေကြသလို ပြည်ပဆေးဆိုင်များတွင် လိုအပ်သော တုပ်ကွေးဆေးဝါးများဝယ်ယူကာ မိမိနေအိမ်မှာသာ ကုသနေကြကြောင်းသိရသည်။
“မိသားစုထဲမှာ တစ်ယောက်ဖျားပြီဆိုရင် တစ်မိသားစုလုံးကူးစက်ပြီး ဖျားနာကြတယ်၊ တစ်ချို့ကတော့ ဆေးခန်းသွားပြီး ဆေးကုသမှုတွေခံယူကြတယ်၊ တစ်ချို့ကျတော့ ပြင်ပဆေးဆိုင်တွေမှာ ဆေးဝါးတွေ ဝယ်ယူပြီးတော့ မိမိအိမ်မှာပဲ ကြိတ်ကုသတာတွေရှိတယ်၊ စစ်ဘေးရှောင်ပြည်သူတ်ချို့က ငွေကြေးမတတ်နိုင်တဲ့အတွက် အောင့်အီးပြီး ကြိတ်ခံတာတွေလည်း
ရှိကြတယ်၊ စစ်ဘေးရှောင်စခန်းတွေမှာလည် တုပ်ကွေးဆေးတွေ လုံလုံလောက်လောက်မရှိဘူးပေါ့နော်၊ တတ်နိုင်သလောက်တော့ ကုသပေးနေပါတယ်၊ပြီးတော့ အဖျားသက်သာလာပြီဆိုလဲ ကိုယ်ခံအားကျဆင်းတာတွေကြောင့် ခန္ဓာကိုယ်တွေက မအီမသာတွေ ဖြစ်နေတယ်၊ ချက်ချင်းအလုပ်လုပ်ကိုင်နိုင်ဖို့ မဖြစ်နိုင်သေးဘူးပေါ့နော်” ဟု CDM သူနာပြုဆရာမတစ်ဦးက
ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရာသီတုပ်ကွေးဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အိမ်ပြင်ဘက်သွားလာမည်ဆိုပါက နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်ပြီးမှသာ သွားလာကြရန်၊ ဖျားနာနေသာ အိမ်ထောင်မိသားစုများထံသို့ မကြာခဏသွားရောက်လည်မှုများကို ရှောင်ရှားရန်၊ တုပ်ကွေးဖျားနာပါက နီးစပ်ရာ ဆေးခန်းများနှင့်ဆေးဘက်ဆိုင်ရာ ဆရာဝန်၊ သူနာပြုဆရာမများထံသို့
ဆေးကုသမှုများချက်ချင်းခံယူရန်နှင့် အာဟာရဖြည့်သော အစားအစာများကို ပုံမှန်စားသုံးပေးရန်လိုအပ်ကြောင်း ဆေးဘက်ဆိုင်ရာနားလည်သူများက အကြုံပြုထားသည်။
#မီဇိုးပြည်နယ် #စစ်ရှောင်ပြည်သူ #ရာသီတုပ်ကွေး #ဖျားနာ #ဆေးကုသ #ခက်ခဲ
#Ayeyarwaddy_Times