ပြည်ပနိုင်ငံရင်းနှီးမြှပ်မှုများအနက် စင်ကာပူနိုင်ငံက ဒေါ်လာ ၁ ဘီလီယံကျော်အထိ ပါဝင်နေ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၆ ရက်

မြန်မာနိုင်ငံမှာ လက်ရှိ ၂၀၂၂−၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ သြဂုတ်လကုန်အထိ ၅ လအတွင်း ပြည်ပနိုင်ငံတွေရဲ့ရင်းနှီးမြှပ်မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၃၀ ဘီလီယံရှိတယ်လို့ စစ်ကောင်စီ လက်အောက်ခံ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းအရ သိရပါတယ်။

လက်ရှိ ဘဏ္ဍာနှစ်အတွင်းမှာ စင်ကာပူနိုင်ငံက ဒေါ်လာ ၁ ဘီလီယံကျော်နဲ့ အများဆုံး ဝင်ရောက်ရင်းနှီးမြှပ်နှံထားတာဖြစ်ပါတယ်။

ဒါ့ပြင် အခု ဘဏ္ဍာနှစ်အတွင်းရင်းနှီးမြုပ်နှံမှုမှာလည်း ဟောင်ကောင်၊ တရုတ်နိုင်ငံ၊ ဂျပန်၊ ထိုင်း၊ ကိုရီးယား၊ တရုတ်(တိုင်ပေ)နဲ့ အိန္ဒိယနိုင်ငံတို့ကလည်း ဝင်ရောက် ရင်းနှီးမြှပ်နှံထားကြတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီရင်နှီးမြုပ်နှံမှုတွေက စွမ်းအင်ကဏ္ဍမှာ ဒေါ်လာသန်း ၇၀၀ ကျော် အများဆုံးဝင်ရောက်ထားတာဖြစ်ပါတယ်။

ဝန်ဆောင်မှုကဏ္ဍမှာလည်း ဒေါ်လာသန်း ၄၀၀ နီးပါးနဲ့ တခြား ကုန်ထုတ်လုပ်မှုကဏ္ဍတွေမှာ သန်း ၁၂၀ကျော်၊ အိမ်ခြံမြေ ကဏ္ဍမှာ ၂၉ သန်း၊ လယ်ယာကဏ္ဍမှာ ဒေါ်လာ ၁ သန်းနဲ့ ရေထွက်ပစ္စည်းကဏ္ဍတွေမှာ ၁ ဒသမ ၅ သန်းကျော် အသီးသီးဝင်ရောက်ခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့

စာရင်းအရသိရပါတယ်။

#တစ်မိနစ်ရုပ်သံ

#Ayeyarwaddy_Times