နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၀ ရက်

 

နွေဦးတော်လှန်ရေး အင်အားစုများ၏ ဘုံနိုင်ငံရေး သဘောတူညီချက် ပထမမူကြမ်းကို သဘောတူ အတည်ပြုကာ တော်လှန်ရေး တစ်စုံလုံးအား အပ်နှံထုတ်ပြန်၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အပါအဝင် အင်အားစုများထံ ပေးပို့တွေ့ဆုံသွားမည်ဟု အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ထံက သိရသည်။

 

အာဏာရှင်စနစ်မှန်သမျှ အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက် ရေးအတွက် ရည်ညွှန်းသော တော်လှန်ရေးအင်အားစုများ၏ ဘုံနိုင်ငံရေး သဘောတူညီချက် ပထမမူကြမ်း သဘောတူအတည်ပြုခြင်း အခမ်းအနားကို ယနေ့ဇူလိုင် ၃၀ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

“အခုပထမမူကြမ်းကို ဒီနေ့သဘောတူ အတည်ပြုတယ်။ ပြီးလို့ရှိရင် ကျွန်တော်တို့က ဒါကို တော်လှန် ရေး တစ်စုံလုံးကို အပ်နှံတာဖြစ်တယ်။ အဲဒါကြောင့် SCEF ကလည်း ဒါကို လိုသလိုပေါ့၊ ပြုပြင်ပြောင်းလဲ ပြင်ဆင်ညှိနှိုင်းပြီး သုံးလို့ရပါတယ်။ အားလုံးကိုလည်းပဲ ဖွင့်ပြီးတော့ ဖိတ်ခေါ်ထားတာ ရှိပါတယ်” ဟု NUCC အဖွဲ့ဝင် ဦးတိုးကျော်လှိုင်က ဧရာဝတီတိုင်းမ် သတင်းဌာနကို ပြောသည်။

ထို့အပြင် ယနေ့အတည်ပြု ထုတ်ပြန်သော တော်လှန်ရေး အင်အားစုများ၏ ဘုံနိုင်ငံရေး သဘောတူ ညီချက် ပထမမူကြမ်းကို တော်လှန်ရေး အင်အားစုအသီးသီထံ သိရှိလေ့လာနိုင်ရန် ပေးပို့သွားမည် ဖြစ်ပြီး SCEF ဆီသို့ ၎င်းတို့အနေဖြင့် နှစ်ကြိမ်တိုင် စာပို့တောင်းဆိုထားသဖြင့် မကြာမီ၌ ပူးပေါင်း ဆောင်နိုင်ရေး ဆွေးနွေးဖြစ်ဖွယ် ရှိလာနိုင်ကြောင်း NUCC ထံက သိရသည်။

 

ယင်းပထမမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၊ NUCC ၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော် (SFUH) နှင့် ကြားကာလအစိုးရ (SFUIG) ၊ မန္တလေးဒေသလွှတ်တော် (MRH) နှင့် ကြားကာလအုပ်ချုပ်ရေးကောင်စီ (MIGC) တို့က တွေ့ဆုံဆွေးနွေး၍ သဘောတူ အတည်ပြုထားကြောင်း သိရသည်။

 

ထိုအတွက် ၎င်းတို့အနေဖြင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှစတင်၍ ယခုနှစ်၊ ဇွန်လကုန်အထိ (၂) နှစ်ကျော်အချိန်ယူ လုပ်ငန်းစဥ် အဆင့် (၃) ဆင့် ရေးဆွဲဆောင်ရွက်ခဲ့ပြီး ထိုကာလ၌ SCEF စုဖွဲ့မှုမှာ မရှိသေးသဖြင့် လုပ်ငန်းအဆင့်ဆင့် ညှိနှိုင်းဆွေးနွေးရာတွင် ယင်းတို့ မပါဝင်သော်လည်း NUCC အဖွဲ့ဝင်အချို့ လက်ရှိ SCEF စုဖွဲ့မှုထဲ ပါရှိနေကြောင်း ဦးတိုးကျော်လှိုင်က ဆိုသည်။

ယင်းအပြင် တော်လှန်ရေး အင်အားစုများ၏ ဘုံနိုင်ငံရေး သဘောတူညီချက် ပထမမူကြမ်းသည် အာဏာသိမ်း စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရကို ခုခံတော်လှန်နေသည့် တော်လှန်ရေး အင်အား စုများ၏ ညီညွတ်မှု၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးကြီးသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း NUCC က ထုတ်ပြန်ဖော်ပြသည်။

 

အလားတူ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကိုလည်း NUG၊ CRPH ၊ NUCC အဖွဲ့ဝင်နှင့် ခုခံတော်လှန်မှု အားကောင်းသော “K3C” မဟာမိတ်အဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

 

လက်ရှိတွင် SCEF သည် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA)၊ စစ်ကိုင်းနှင့် မကွေးဖက် ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော်၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ မွန်ပြည်အတိုင်ပင်ခံကောင်စီ (MSCC) အပါအဝင် စသည်တို့နှင့် တွေ့ဆုံဆွေးနွေးနေလျက်ရှိကြောင်း သိရသည်။

 

ထို့အတူ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRMH)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) ၊ ရခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ၊ တော်လှန်ရေး အင်အား စုများနှင့်လည်း SCEF က တွေ့ဆုံထားကြောင်း သိရသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်