‎ဧရာဝတီတိုင်းမ်
‎ဇူလိုင် ၃၀ရက်

ရွေးတုအစိုးရစစ်တပ်သည် ပြီးခဲ့သည့် ၃ ရက်အတွင်းက ‎ဧရာဝတီတိုင်းအတွင်းကို တပ်ဖွဲ့ဝင် အင်အား ၅၀၀ ကျော် ပို့ဆောင်ခဲ့ပြီး ရခိုင်ပြည်နယ်တောင်ပိုင်းနှင့် ထိစပ်နေသည့် နယ်စပ်စစ်စခန်းများသို့ အင်အား ဖြန့်ကျက်မှုများ အရှိန်အဟုန်မြှင့် ပြုလုပ်နေကြောင်း သိရသည်။

‎ရောက်ရှိလာသည့် အင်အားများကို သာပေါင်းမြို့နယ်အစွန်ရှိ ဘုရားကြီးစခန်းနှင့် လက်နက်ကြီး အခြေချစခန်းဖြစ်ပြီး ဗျူဟာမှူးကိုယ်တိုင် အခြေစိုက်ထိုင်ရှိသည့် ရေကြည် ကမ္ဘားကြီး စစ်စခန်းများကို အဓိက ဖြန့်ကျက်ပို့ဆောင်နေခြင်းဖြစ်သည်။

‎”ရခိုင်ကို ရတဲ့နည်းနဲ့ ထိုးဖို့ပြင်တာ။ နည်းနည်းရလည်းရဆိုပြီး လုပ်နေ ပြင်နေတာ” ဟု စစ်ရေး လှုပ်ရှားမှုကိုစောင့်ကြည့်နေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

‎ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်နေ့တွင် စစ်တပ်က စစ်ကားကြီး သုံး စီးဖြင့် အင်အား ၁၀၀ ဝန်းကျင် စက်ဒေါင့်ကြီးကို ရောက်ရှိလာပြီး အနောက်ဘက် ဘုရားကြီးဘက်သို့ ကူးသွားခဲ့သည်။ ဇူလိုင် ၂၉ ရက်နေ့တွင်လည်း စစ်ကား ခုနစ် စီးတွင် ရိက္ခာနှင့် လူအင်အား ၂၀၀ ဝန်းကျင်ပါ စစ်ယာဉ်တန်း ရောက်ရှိခဲ့ကြောင်းသိရသည်။

‎ထို့အပြင် ယနေ့ ဇူလိုင် ၃၀ ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကား ခြောက် စီးဖြင့် လူအင်အား ၂၀၀ ဝန်းကျင် စက်ဒေါင့်ကြီးသို့ ထပ်မံရောက်ရှိလာပြီး ထိုမှတစ်ဆင့် ကမ္ဘားကြီးစခန်းသို့ တက်သွားခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ‎သိရသည်။

ရွေးတုအစိုးရ စစ်တပ်သည် ‎ထိုသို့ထိုးစစ်ပြင်ဆင်မှု လုပ်ဆောင်ရာ၌ သတင်းမထွက်စေရန် ညအချိန်များတွင် ဇက်ရေယာဉ်များ၊ စစ်သုံးကားများနှင့် ပေါ်တာဆွဲခေါ်ဆောင်ထားသည့် ဒေသခံများ၏ လှည်းများကို အသုံးပြုကာ လက်နက်၊ ခဲယမ်းနှင့် ရိက္ခာများကို သယ်ယူစုဆောင်းနေကြောင်း သိရသည်။

‎ယခုကဲ့သို့ ဗျူဟာမှူးကိုယ်တိုင် အခြေစိုက်စခန်းထိုင်ခိုင်းသည်အထိ ရခိုင်-ဧရာဝတီ အစပ်စစ်ရေးကို အထူးပြင်ဆင်နေခြင်းမှာ ရခိုင်တောင်ပိုင်း ထိုးစစ်အတွက် ရည်ရွယ်နေသကဲ့သို့ လက်လွှတ် ဆုံးရှုံးလိုက်ရသည့် စခန်းများကို ပြန်လည်ရရှိရန် အင်အားဖြည့်တင်းနေခြင်းလည်း ဖြစ်‌ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

‎ဓာတ်ပုံ-လူမှုကွန်ရက်