ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၀ရက်
ရခိုင်နှင့် ဆက်စပ်နေသော ဧရာဝတီတိုင်းအတွင်း တိုက်ပွဲများတွင် စစ်တပ်က အထိနာလျက်ရှိရာ စစ်တပ်ထောက်ခံသူများနှင့် တပ်တွင်းစိတ်ဓာတ် မြှင့်တင်နိုင်ရေးအတွက် အလင်းဝင်လာသူများရှိကြောင်း ပုံဖော်ကာ စိတ်ဓာတ်စစ်ဆင်ရေး ဝါဒဖြန့်မှုများ ခပ်စိပ်စိပ် ပြုလုပ်လာကြောင်း တွေ့ရသည်။
ရေကြည်၊ သာပေါင်း၊ လေးမျက်နှာနှင့် ရွှေသောင်ယံမြို့နယ်များဘက်တွင် အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတိုက်ပွဲဝင်နေသော ဧရာဝတီ PDF များ၏ ထိုးစစ်ကြောင့် စစ်တပ်ဘက်မှ ပင်မစခန်းကြီး သုံးခုအပြင် ကာကင်းစခန်းများပါ လက်လွှတ်ထားရကြောင်း သိရသည်။
မကြာသေးမီရက်ပိုင်းအတွင်းကလည်း ပွိုင့် ၂၂၇ ကာကင်းစခန်းကို ပြန်လည်ရရှိရေးအတွက် စစ်ဆင်ရာတွင် စစ်တပ် တပ်ဖွဲ့ဝင် အမြောက်အမြား ထိခိုက်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများကို ပုသိမ်မြို့ ရွှေမြင်တင်သဂြိုဟ်စက်နှင့် မဆရ (၄) စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်အထိ ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ယင်းကဲ့သို့ စစ်မြေပြင်တွင် အထိနာနေချိန်၌ စရွေးတုအစိုးရ၏ ပြန်ကြားရေးဌာနက “နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် AA အဖွဲ့ဝင် ၂၀ ဦးနှင့် PDF အမည်ခံအဖွဲ့ဝင် ၁၂ ဦးတို့ လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်” ဟုဆိုကာ ယနေ့ ဇူလိုင် ၃၀တွင် သတင်းထုတ်ပြန်ခဲ့သည်။
”တန်ပြန်စိတ်ဓာတ်စစ်ဆင်ရေးလုပ်တာပါ။ အခုလပိုင်းထဲကို AAက စစ်စခန်းတွေသိမ်း လက်နက်တွေထုတ်ပြထားတာအပြင် ဆေးရုံမဆံ့ ထိခိုက်သေဆုံးနေတာတွေအတွက် လုပ်ပြမှရမယ်။ တိုင်းမှူးအသစ်အနေနဲ့ သူ့လက်ထက်မှာ လပိုင်းအတွင်း AAလက်နက်ချနေတာ နှစ်ခါရှိပါပြီ လုပ်ပြတာ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်တပ်၏ ထုတ်ပြန်ချက်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် (ဧရာဝတီခန်းမ) ၌ အခမ်းအနားပြုလုပ်၍ တိုင်းဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းမှူး ဗိုလ်ချုပ် အောင်ကျော်ခိုင်တို့ တက်ရောက်ကာ ဆုကြေးငွေများ ပေးအပ်ခဲ့ကြောင်း ဖော်ပြထားသည်။
စစ်တပ်သည် ရခိုင်နှင့် ဧရာဝတီနယ်စပ် စစ်မြေပြင်၌ စခန်းကုန်းများ ဆုံးရှုံးပြီး အကျအဆုံးများပြားနေချိန်တိုင်း ယခုကဲ့သို့ အလင်းဝင်လာသူများ ရှိသည်ဟု ပုံမှန်ဝါဒဖြန့်လေ့ရှိကြောင်း စစ်ရေးလေ့လာသူများက ထောက်ပြကြသည်။
ယခုကဲ့သို့ မြို့နယ်အသီးသီးမှ အဖွဲ့ဝင်များ အမြောက်အမြား အလင်းဝင်လာသည်ဟု ပုံဖော်ခြင်းသည် စစ်တပ်ထောက်ခံသူများအကြား စိတ်ဓာတ်မကျစေရန်၊ တပ်တွင်းစိတ်ဓာတ် ပြိုကွဲမှုကို တားဆီးရန်နှင့် တော်လှန်ရေးအင်အားစုများအပေါ် ပြည်သူလူထု သံသယဖြစ်စေရန် ရည်ရွယ်သည့် စိတ်ဓာတ်စစ်ဆင်ရေး တစ်ခုသာ ဖြစ်ကြောင်း လေ့လာသူများကပြောသည်။
ဓာတ်ပုံ-ရွေးတုအစိုးရမီဒီယာ