ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၀ ရက်

 

မလေးရှားနိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည် ၅,၀၀၀ ခန့်ကို ပြန်လည်လက်ခံဖို့ မြန်မာက သဘော တူလိုက်ပြီလို့ မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောကြားလိုက်ပါတယ်။

 

ဒီကိစ္စဟာ စတင်ဆောင်ရွက်ချိန်မှာ ခက်ခဲမှုတွေ ရှိခဲ့ပေမဲ့ မလေးရှားနဲ့ မြန်မာနှစ်နိုင်ငံကြား ဆက်ဆံရေး ကောင်းတွေကြောင့် အကောင်အထည်ပေါ်လာတာလို့ သူက ဆိုပါတယ်။

 

“ရိုဟင်ဂျာတွေကို မူလနေရာ ပြန်ပို့ဖို့ လူတွေက ပြောကြပေမဲ့ ဘယ်ကို ပို့ရမလဲ။ မြန်မာနိုင်ငံကို ပို့ ရမှာပါ။ အရင်ကဆိုရင် မြန်မာက လက်မခံချင်ပါဘူး” လို့ အန်ဝါက ပြောပါတယ်။

“မလေးရှားနဲ့ မြန်မာကြားက ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကောင်းတွေကြောင့် အခုဆိုရင် မလေးရှားရောက် ရိုဟင်ဂျာဒုက္ခသည် ၅,၀၀၀ ကို ပထမအသုတ်အနေနဲ့ ပြန်လက်ခံဖို့ မြန်မာက သဘောတူ လိုက်ပြီ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုပါတယ်။

 

ပြီးခဲ့တဲ့ တနင်္လာနေ့က ပီနန်မြို့မှ ဘတ်စ်ကားသုံးစီးနဲ့ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည် ရာပေါင်းများစွာဟာ ကွာလာလမ်ပူမြို့၊ ဘူကစ်ပါတာလင်လမ်းရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင် ကြီးရုံး (UNHCR) ရှေ့မှာ စုဝေးခဲ့ပါတယ်။ကွာလာလမ်ပူ ရဲတပ်ဖွဲ့မှူး ဖာဒေးလ်မားဆပ်က အဆိုပါ ဒုက္ခသည်တွေကို အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ UNHCR တို့ သတ်မှတ်ထားတဲ့ ပြည်နယ်သုံးခုသို့ အဆင့်လိုက် ရွှေ့ပြောင်းပေးနေတယ်လို့ ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အန်ဝါက မလေးရှားနိုင်ငံရှိ အများပြည်သူ အေးချမ်းသာယာမှုကို နှောင့် ယှက် သို့မဟုတ် နယ်မြေတွေကို စီးနင်းစိုးမိုးဖို့ ကြိုးပမ်းတဲ့ ဒုက္ခသည်တွေကို အလျော့ပေးလိုက် လျောမှာ မဟုတ်ဘူးလို့ မနေ့က ပြောကြားခဲ့ပါတယ်။

 

မလေးရှားနိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ လမ်းမများပေါ် သို့မဟုတ် အများပြည်သူ ဆိုင်ရာ နေရာတွေမှာ စုဝေးပြီး တရားဥပဒေ စိုးမိုးရေးကို မနှောင့်ယှက်ကြဖို့ အန်ဝါက သတိပေးထားပါ တယ်။

 

အများပြည်သူကို နှောင့်ယှက်သူနဲ့ လမ်းမများပေါ် စုဝေးသူ မည်သည့်အုပ်စုကိုမဆို အရေးယူဖို့ ရဲ တပ်ဖွဲ့ကို ညွှန်ကြားထားပြီး အဆိုပါ ဒုက္ခသည်တွေကို သတ်မှတ်ထားတဲ့ နေရာများသို့ ရွှေ့ပြောင်းပေး သွားမယ်လို့ သူက ဆက်ပြောပါတယ်။

 

ကိုးကား – Bernama
Ref; Anwar says Myanmar agrees to accept 5,000 Rohingya refugees from Malaysia