ဧရာဝတီတိုင်းမ်
(ဒိုက်ဦး)၊ ဇူလိုင် ၃၀ ရက်
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ဒိုက်ဦးဗဟိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူများကိုအလုပ်ကြမ်းများ မတရားခိုင်းစေခြင်း၊ တိုက်ပိတ်ခြင်း၊ ရိုက်နှက်ညှဉ်းပန်းခြင်းတို့ကို ဆက်လက်ကျူးလွန်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ဇူလိုင် ၂၉ ရက်နေ့တွင် ထုတ်ပြန်သည်။
ဒိုက်ဦးထောင်မှ အမျိုးသမီးနိုင်ကျဉ်းများကို ထောင်ဝင်စာပိတ်မည်၊ ဧည့်တွေ့ပိတ်မည်ဟု ခြိမ်းခြောက် ကာ အလုပ်ကြမ်းများကို အတင်းအကျပ် စေခိုင်းနေပြီးငြင်းဆန်သူများကို သီးခြားပြစ်ဒဏ်တိုက်များ အတွင်းသို့ ခေါ်ဆောင်ကာ အကန့်အသတ်မရှိ တိုက်ပိတ်ခြင်း၊ ရိုက်နှက်နှိပ်စက်ခြင်းတို့ ပြုလုပ်နေခြင်းဖြစ်သည်။
၎င်းတို့၏ မတရားအနိုင်ကျင့်မှုများကို တိုင်ကြားသည့်သူများကိုလည်း ဆူပူမှုပြုလုပ်သည်ဟု အကြောင်းပြကာ အမျိုးသမီးဝန်ထမ်း ငါးဦးက နံပတ်တုတ်များဖြင့် အုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက်ခြင်း၊ ထောင်ဝင်စာ ပိတ်ပင်ခြင်း၊ အမှုဆင်ကာ တိုက်ပိတ်ပြစ်ဒဏ်ပေးခြင်းများ ပြုလုပ်လျက်ရှိသည်။
လက်ရှိတွင် နိုင်ငံရေးအကျဉ်းသူ ၂၇ ဦးအထိ အစုလိုက်အပြုံလိုက် တိုက်ပိတ်ခံထားရပြီး တိုက်ပိတ် ခံရသူများကို တစ်နေ့လျှင် ရေတစ်လီတာသာပေးခြင်း၊ ၁၄ ရက်ကြာ ရေမချိုးခိုင်းခြင်း၊ စောင်တစ်ထည် သာပေးကာ ဆန်ပြုတ်တမျိုးတည်းကျွေးခြင်းတို့ဖြင့် ဖိနှိပ်မှုများ ပြုလုပ်လျက်ရှိသည်။

“အကျဉ်းဦးစီးဝန်ထမ်းတွေက သတင်းအမှားဖြန့်ထားတာရှိတယ်။ ဝါဒဖြန့်ထားတာမျိုးရှိတယ် တကယ် တမ်းတော့ပြစ်မှုကျူးလွန်တယ်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီးတော့မှ သီးခြားတိုက်ပိတ်ထားတဲ့ ဖြစ်စဉ်တွေပဲ ဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်တာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် လိုအပ်တဲ့ ဆေးဝါးစောင့်မှုမရတာမျိုး မွေးကင်းစကလေးငယ် ရှုံးဆုံးရတာမျိုးတွေက ထောင်ထဲကလူတွေ အားလုံး ရဲ့ လူ့အခွင့်ရေးတွေကလုံလုံလောက်လောက်လောက်မရရှိတာပဲ” ဟု PPNM တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကိုယ်ဝန်ဆောင်များနှင့် အရေးပေါ်ခွဲစိတ်လူနာများကို ပြင်ပဆေးရုံတက်ခွင့်မပေးသည့်အတွက် ထောင်တွင်း မွေးဖွားခဲ့သည့် မွေးကင်းစကလေးငယ်တစ်ဦးမှာ လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှုနှင့် အာဟာရမရရှိခြင်းတို့ကြောင့် ၂၄ နာရီအတွင်း သေဆုံးခဲ့ရကြောင်း သိရသည်။
လွတ်ရက်စေ့ခါနီး နိုင်ငံရေးအကျဉ်းသူများကိုလည်း တရားမဝင်ပစ္စည်းများဖြင့် မတရားအမှုဆင် နေသည့် အတွက် ပြစ်ဒဏ်တိုးမြှင့်ခံထားရသူ ငါးဦးခန့် ရှိနေပြီး အကျဉ်းသူများမှာ ပြင်းထန်သည့် စိတ်ကျရောဂါဒဏ်ကို ခံစားနေကြရကြောင်းလည်း PPNM က ထုတ်ပြန်ထားသည်။
အဆိုပါ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဦးစီးအရာရှိ ဒေါ်ဇင်မာကြည်အောင်၊ ဒုဦးစီး ဒေါ်စန်းနွယ်ဦး၊ အရာရှိ သဇင်မြင့်၊ အရာရှိ သက်သက်ဇင်နှင့် အရာရှိ သန္တာစိုးတို့က ဦးဆောင်ကျူးလွန်နေခြင်း ဖြစ်ကြောင်း PPNM ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – အင်တာနက်