ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၀ ရက်
ကလေးငယ်များအား စိတ်ငြိမ်ဆေးနှင့် အရက်များ လိမ်လည်တိုက်ကျွေးကာ အသိစိတ် ကင်းမဲ့ နေချိန်တွင် ကိုယ်တိုင် လိင်အကြမ်းဖက်မှုများ ပြုလုပ်ခဲ့သည့်အပြင် ခေါင်းပုံဖြတ် ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်များကို တယ်လီဂရမ်မှတစ်ဆင့် ရောင်းချခဲ့သူအား ခရိုင်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် နှစ် ၄၀ ချမှတ်လိုက်ကြောင်း ရွေးတုအစိုးရ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်နေ မောင်—- ၁၁ နှစ်သည် ကျောင်းဆင်းပြီး အိမ်ပြန်လာ ချိန်တွင် ကျောင်းအတူတက်ခဲ့ဖူးသည့် သူငယ်ချင်းဖြစ်သူနှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်တွင် နေထိုင်သည့် မျိုးမင်းထွန်း (ခ) ဖိုးသား ၏ နေအိမ်သို့ အလည်လိုက်ပါရန် ခေါ်ဆောင်သဖြင့် မောင်—- က ၎င်း၏ညီဖြစ်သူအား အတူခေါ်ဆောင်၍ လိုက်ပါသွားခဲ့ခြင်းဖြစ်သည်။
မျိုးမင်းထွန်း (ခ) ဖိုးသား ၏ နေအိမ်သို့ ရောက်ရှိချိန်တွင် “အားဆေးသောက်ရမည်” ဟု ပြောဆိုကာ ၎င်းသောက်သုံးနေသည့် စိတ်ငြိမ်ဆေး ၁၀ လုံးစီနှင့် ဆန်ချိုအရက်တို့အား အချိုရည်ဟု လိမ်လည် တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆေးနှင့် အရက် တိုက်ကျွေးခံရသဖြင့် ကလေးငယ်များ အသိစိတ် ကင်းမဲ့နေချိန်တွင် မျိုးမင်းထွန်း (ခ) ဖိုးသားက ကလေးတစ်ဦးအား ၎င်းကိုယ်တိုင် လိင်တူဆက်ဆံခဲ့သည့်အပြင် ကျန်ကလေးနှစ်ဦးအားလည်း ကလေးအချင်းချင်း လိင်တူဆက်ဆံခိုင်းကာ ဗီဒီယိုဖိုင်များ ရိုက်ကူး ခဲ့သည်။
“ဒါက တရားမဝင် ဆေးသုံးစွဲတာ၊ ကလေးတွေကို ဓမ္မတာနဲ့ဆန့်ကျင်ပြီး သက်ငယ်မုဒိမ်းပြုကျင့်တာ၊ တရားမဝင် ရိုက်ကူးဖြန့်ဝေတာတွေ လုပ်တဲ့အမှုတွေကို တကယ်ဆိုရင် ရာဇသတ်ကြီး ပုဒ်မတွေနဲ့ပါ သီးခြားစွဲရမှာ။ အခု လူကုန်ကူးမှု ပုဒ်မတစ်ခုတည်းနဲ့ပဲ စွဲလိုက်တာကတော့ ဥပဒေကြောင်းအရ မေးခွန်းထုတ်စရာ ပုဒ်မတပ်လွဲမှု ဖြစ်နိုင်ပါတယ်”ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။
ထို့အပြင် ကလေးငယ်များသည် မျိုးမင်းထွန်း (ခ) ဖိုးသား ၏ နေအိမ်သို့ ကျောင်းပိတ်ရက်များတွင် သွားရောက်ညအိပ်ခဲ့ကြရာ ရက်ပေါင်း ၂၀ ခန့်အတွင်း ယင်းကဲ့သို့ ပြုလုပ်မှုများကို အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ပြီး ဗီဒီယိုဖိုင်များ ရိုက်ကူးကာ တယ်လီဂရမ် အကောင့်ဖွင့်၍ Member ဝင်များထံမှ အခကြေးငွေယူ၍ ရောင်းချခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့စု (ရန်ကုန်) မှ တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် အင်းစိန်မြို့မရဲစခန်းတွင် (ပ) ၁၆၉/၂၀၂၆ နှင့် (ပ) ၁၇၀/၂၀၂၆၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၃၅ တို့ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ယင်းအမှုကို အင်းစိန်ခရိုင်တရားရုံးက စစ်ဆေးခဲ့ပြီး ဇူလိုင် ၂၇ ရက်နေ့တွင် တရားခံ မျိုးမင်းထွန်း (ခ) ဖိုးသား အား လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၃၅ အရ အမှုတစ်မှုချင်းစီအတွက် အလုပ်နှင့် ထောင်ဒဏ် ၂၀ နှစ်စီ သီးခြားစီကျခံစေရန် (စုစုပေါင်း ထောင်ဒဏ် အနှစ် ၄၀) အမိန့် ချမှတ်ခဲ့သည်။