ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၀ ရက်
ရန်ကုန်တိုင်းအတွင်းရှိ မရမ်းကုန်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) နှင့် သန်လျင်မြို့နယ်တို့တွင် စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် သိန်း ၂,၄၈၈ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများအား မူးယစ်သံသယရှိသူ သုံး ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရွေးတုအစိုးရ လက်အောက်ခံ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
သတင်းအရ ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက် မွန်းလွဲ ၁ နာရီခန့်က မရမ်းကုန်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်တွင် လမ်းလျှောက်လာသူ ကောင်းထိုက်ကျော် ၃၇ နှစ်ကို စစ်ဆေးရှာဖွေရာတွင် ၎င်းထံမှ ကာလတန်ဖိုး ငွေကျပ် ၂၇ သိန်းတန်ဖိုးရှိ Happy Water အလေးချိန် ၄၅ ဂရမ်၊ ကက်တမင်း ၁၀ ဂရမ် နှင့် အက်တက်စီ (Ecstasy) ဆေးပြား ၁၀ ပြားတို့ကို စတင် တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ဆက်လက်၍ ဖမ်းဆီးရမိသူ ကောင်းထိုက်ကျော်အား စစ်ဆေးဖော်ထုတ်ချက်များအရ ထိုနေ့ မွန်းလွဲ ၃ နာရီတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၉၃) ရပ်ကွက်တွင် စည်သူကျော် ၃၉ နှစ် အား ကာလတန်ဖိုး ငွေကျပ် သိန်း ၃၀၀ တန်ဖိုးရှိ ကက်တမင်း အလေးချိန် ၅၀၀ ဂရမ်နှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
ထို့အပြင် ယင်းနေ့ ညနေ ၆ နာရီတွင်လည်း သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာ၌ လှသန္တာ ၃၅ နှစ် ဆိုသူအား ကာလတန်ဖိုး ငွေကျပ် သိန်း ၂,၁၅၀ တန်ဖိုးရှိ အက်တက်စီဆေးပြား ၄,၃၀၀ ပြားနှင့်အတူ ကွင်းဆက် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးရေး လျှော့နည်းကျဆင်းလာ ခြင်းနှင့်အတူ ရန်ကုန် အပါအဝင် မြို့ကြီးအချို့၌ Happy Water၊ အက်တက်စီနှင့် ကက်တမင်း စသည့် စိတ်ပြောင်း မူးယစ်ဆေးဝါးများ ပေါများလာပြီး လူငယ်များအကြား တွင်တွင်ကျယ်ကျယ် သုံးစွဲရောင်းဝယ်နေကြကြောင်း မြို့ခံများနှင့် မူးယစ်ဆေးဝါး စောင့်ကြည့်သူများထံမှ သိရသည်။
လက်ရှိတွင် စိတ်ပြောင်းဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ ကောင်းထိုက်ကျော်၊ စည်သူကျော်နှင့် လှသန္တာတို့ ၃ ဦးအား သက်ဆိုင်ရာ ရဲစခန်းများ၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူထားပြီး ဖြစ်စဉ်တွင် ပါဝင်သည့် အခြားကွင်းဆက် တရားခံများကို ဆက်လက် ဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။