ဧရာ၀တီတိုင်းမ်
ဇူလိုင် ၂၉ ရက်
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မိဘများနှင့်အတူ နေထိုင်သည့် အသက် ၁၄ နှစ်အရွယ် မြန်မာ ကလေးငယ်တစ်ဦးသည် အွန်လိုင်း တယ်လီဂရမ် မှတစ်ဆင့် သွေးဆောင်လှည့်ဖြားခေါ်ထုတ်ခံရပြီး ပျောက် ဆုံးသွားခဲ့ရာ ယနေ့ ဇူလိုင် ၂၉ ရက်တွင် လော့ပူရီ မြို့ရှိ ဟိုတယ်တစ်ခု၌ ထိုင်းရဲတပ်ဖွဲ့၏ ဝင်ရောက်စီးနင်း ကူညီမှုဖြင့် ဘေးမသီရန်မခ ပြန်လည်တွေ့ရှိခဲ့ကြောင်း မိသားစုဝင်များ၏ လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားချက်များအရ သိရသည်။
ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၄ နှစ်အရွယ် မောင်စွမ်းပြည့်ပိုင်စိုးသည် ယမန်နေ့ ဇူလိုင် ၂၈ ရက် နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် ချင်းမိုင်နေအိမ်မှ နိုင်ငံကူးလက်မှတ် (Passport)၊ ငွေကြေးနှင့် ရွှေထည်ပစ္စည်းများ ယူဆောင်၍ နေအိမ်မှ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။
ချင်းမိုင် အဝေးပြေး အာကိတ် ကားဂိတ်၏ CCTV မှတ်တမ်းများအရ ကလေးငယ်သည် ကားလက် မှတ် ဝယ်ယူခဲ့ပြီးနောက် ခရီးသည်တင်ကား စီးနင်းသွားခဲ့ကြောင်း တွေ့ရှိရသည်။

ယင်းနောက် ဖုန်းဆင်းမ်ကတ် တည်နေရာပြစနစ် (SIM Location) စိစစ်ချက်အရ ဥတ္တရဒိသ် နှင့် တာ့ခ် အထိ ခြေရာခံ ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် တည်နေရာ (Location) ပျောက်ဆုံသွားခဲ့သဖြင့် မိသားစုနှင့် ထိုင်းရဲတပ်ဖွဲ့က အလွန်စိုးရိမ်ရပြီး ပျောက်ဆုံးနေသော ကလေးအဖြစ် လူမှုကွန်ရက်ပေါ်တွင် အရေးပေါ် အကူအညီတောင်းခံ ရှာဖွေခဲ့သည်။
ကလေးငယ်၏ မိသားစုဝင်များ၏ အဆိုအရ ကလေးငယ်သည် တယ်လီဂရမ်းဂရု တစ်ခုမှတစ်ဆင့် မိဘများနှင့် မတည့်အောင် စိတ်ပိုင်းဆိုင်ရာ သွေးထိုးလှည့်ဖြားခံရကာ အိမ်ရှိ ပိုက်ဆံနှင့် ရွှေများ ယူဆောင်၍ ထွက်ခွာလာရန် စီစဉ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် စစ်ဆေးချက်များအရ တစ်ရက်အတွင်း ဘတ် တစ်သိန်း (၁၀၀,၀၀၀) ကျော် သုံးစွဲထားပြီး ကျားဖြန့် သို့မဟုတ် လူကုန် ကူးဂိုဏ်းများ၏ သွေးဆောင်ခေါ်ထုတ်မှု ဖြစ်နိုင်ကြောင်း မိသားစုက ဆိုသည်။
ပျောက်ဆုံး ကလေးငယ် မောင်စွမ်းပြည့်ပိုင်စိုးကို ထိုင်းရဲတပ်ဖွဲ့၊ မိသားစုဝင်များနှင့် နယ်မြေခံ အကူအညီပေးရေး အဖွဲ့များ၏ စုံစမ်းစစ်ဆေးမှုများကြောင့် ၎င်းရှိနေသည့် လော့ပူရီမြို့ရှိ ဟိုတယ် တစ်ခုတွင် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ ဇူလိုင် ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ကလေးငယ်အား ဘေးမသီရန်မခ ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ကလေးငယ်နှင့် အတူရှိနေသူတစ်ဦးမှာမူ လွတ်မြောက်သွားခဲ့ပြီး ကလေးငယ်အား လော့ပူရီရဲစခန်းတွင် စာရွက်စာတမ်း လက်မှတ်ထိုးလွှဲပြောင်းယူကာ မိဘများနှင့် ဦးလေးဖြစ်သူတို့က ဘန်ကောက်မြို့သို့ ပြန်လည်ခေါ်ဆောင်သွားခဲ့ပြီ ဖြစ်သည်။
လက်ရှိတွင် ထိုင်းရဲတပ်ဖွဲ့က ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အွန်လိုင်းမှတစ်ဆင့် ကလေးသူငယ်များအား သွေးဆောင်လှည့်ဖြား ခေါ်ထုတ်သည့် ဂိုဏ်းအား ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိပြီး လူမှုကွန်ရက် များနှင့် အွန်လိုင်းအသုံးပြုမှုများကို အထူးသတိပြု စောင့်ကြည့်ကြရန် မိသားစုဝင်များက တိုက်တွန်း ထားသည်။
ဓာတ်ပုံ-Ko Htet