ဧရာဝတီတိုင်းမ်
​ဇူလိုင် ၂၉ ရက်

 

​ဖလူးဒေသတွင် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများအတွင်း မိမိတို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မ တော် (D.K.B.A) အနေဖြင့် တပ်ဖွဲ့ဝင်တစ်ဦးတစ်ယောက်မျှ ပါဝင်ပတ်သက်မှု မရှိကြောင်းနှင့် ပါဝင်ပတ်သက်ပါက ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (D.K.B.A) ဗဟိုဌာနချုပ် (ဆုံဆည်းမြိုင်) က ယနေ့ ဇူလိုင် ၂၉ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

 

​အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ဖလူးဒေသ၌ ဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခများတွင် D.K.B.A တပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်မှု မရှိစေရေးအတွက် အကန့်အသတ်များ၊ ညွှန်ကြားချက်များ ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း ရည်ညွှန်းထားသည်။

တပ်ဖွဲ့၏ အမိန့်နှင့် စည်းမျဉ်းများကို ဖောက်ဖျက်၍ ထိုဒေသအတွင်း စစ်ရေးပဋိပက္ခများ၌ မည်သည့်ပုံစံဖြင့်မဆို ပါဝင်ပတ်သက်မှု ရှိလာပါက သက်ဆိုင်ရာ တပ်ဖွဲ့ဝင်များအား လုံးဝလက်ခံမည်မဟုတ်ဘဲ ထိရောက်စွာ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) ၏ သဘောထားကို အတိအလင်း ဖော်ပြထားသည်။

ယခုထုတ်ပြန်ချက်သည် ကရင်ပြည်နယ်၊ ဖလူးဒေသအတွင်း စစ်ရေးတင်းမာမှုများနှင့် ပဋိပက္ခများ ဆက်လက်မြင့်တက်နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ DKBA အဖွဲ့အနေဖြင့် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ မိမိတို့၏ ရပ်တည်ချက်နှင့် တပ်ဖွဲ့ဝင်များ၏ ပါဝင်ပတ်သက်မှုမရှိကြောင်းကို အများပြည်သူနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ သိရှိစေရန် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ အတည်ပြုချက်ဖြင့် တရားဝင် အသိ ပေးထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။