ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၉ ရက်

 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ထိုင်း-မြန်မာ နယ်စပ်ဒေသများ၌ နယ်မြေစိုးမိုးရေးအတွက် ရွေးတုအစိုးရစစ်တပ်က တိုက်လေယာဉ်များ၊ ဒရုန်းများနှင့် လက်နက်ကြီးများကို အစွမ်းကုန် အသုံးပြု၍ အရှိန်အဟုန်မြှင့် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

 

ယမန်နေ့ ဇူလိုင် ၂၈ ရက်နေ့ ညပိုင်းနှင့် ၂၉ ရက်နေ့ နံနက်ပိုင်းတို့တွင် တပ်မ (၂၂) လက်အောက်ခံ တပ်များသည် မင်းလက်ပံကျေးရွာနှင့် ဝေါ်လေဒေသအနီးရှိ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်စခန်းများကို MiG-29 တိုက်လေယာဉ်များဖြင့် ပေါင် ၅၀၀ ဗုံးများ အပါ အဝင် ပြင်းအားမြင့်ဗုံးများ ကြဲချ၍ အဆက်မပြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း သုံးထပ်ကွေ့အနီးရှိ ရပ်တော်မူဘုရား ဘုန်းကြီးကျောင်းသို့ ပေါင် ၅၀၀ ဗုံး တိုက်ရိုက်ကျရောက် ပေါက်ကွဲခဲ့သဖြင့် ကျောင်းထိုင်ဆရာတော်မှာ ဗုံးစထိမှန်၍ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

 

ထို့ပြင် မြဝတီနယ်စပ် သောင်ရင်းမြစ်အနီးအထိ တိုက်ပွဲများ ပျံ့နှံ့လာစဉ် ရွေးတုအစိုးရစစ်တပ်က ပစ်ခတ်လိုက်သည့် M60 စက်သေနတ်ကျည်များနှင့် လက်နက်ကြီးကျည်များသည် ထိုင်းနိုင်ငံ၊ မဲဆောက် မြို့နယ်ဘက်သို့ ကျော်လွန်ကျရောက်ခဲ့သည်။ အဆိုပါ ကျည်အစအနများမှာ နယ်စပ်အနီးရှိ ထိုင်းဒေသခံများ၏ နေအိမ်များနှင့် ခြံစည်းရိုးများကို ထိမှန်ခဲ့သဖြင့် ထိုင်းနိုင်ငံသားများ ဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

လက်ရှိတွင် ထိုင်းစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က ကျည်ကျရောက်သည့် နေရာများကို သွား ရောက်စစ်ဆေးကာ ကျည်အစအနများကို သက်သေအဖြစ် သိမ်းဆည်း မှတ်တမ်းယူ၍ အထက် အရာရှိများထံ အစီရင်ခံထားကြောင်း သိရသည်။

 

မြဝတီတစ်ဖက်ကမ်းမှ ရွေးတုအစိုးရတပ်၏ လက်နက်ကြီး ပစ်ခတ်သံများသည် ဇူလိုင် ၂၈ ရက် ည ၁၁ နာရီ ၁၀ မိနစ်ခန့်အထိ ဆက်တိုက် ထွက်ပေါ်နေခဲ့ပြီး စစ်တပ်ဘက်မှ မြေပြင်တပ်များ ရှေ့တိုး၍ အပြင်းအထန် ထိုးစစ်ဆင်နေခြင်းကြောင့် နှစ်ဖက်တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲဖြစ်သည်။

 

ပုံစာ – ရပ်တော်မူဘုရား ဘုန်းကြီးကျောင်း ရွေးတုအစိုးရစစ်တပ်၏ လေကြောင်းဗုံးထိမှန်ပြီးနောက်တွေ့ရစဉ်။