‎ဧရာဝတီတိုင်းမ်
‎ဇူလိုင် ၂၉ရက်

‎ဧရာဝတီတိုင်းအတွင်းရှိ သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်၊ နယ်မြေထိစပ်ဒေသများတွင် စစ်တပ်က ဗျူဟာတပ်ထိုင်မှုများ ပြုလုပ်ကာ ဂွမြို့နယ်ဘက်သို့ ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

‎ပြီးခဲ့သည့် ဇူလိုင်တတိယပတ်ခန့်မှ စတင်ကာ သာပေါင်းမြို့နယ်အတွင်းရှိ သဲဖြူကျေးရွာတွင် ဗျူဟာမှူး တစ် ဦး၊ သဲဖြူကျေးရွာ၏ အနောက်ဘက်ခြမ်းတွင် ဗျူဟာမှူး တစ်ဦးနှင့် ရေကြည်မြို့နယ်အပိုင် ကမ္ဘားကြီး ကျေးရွာဘက်တွင် ဗျူဟာ တစ် ဦးစီ တပ်ထိုင်ထားကြောင်း သိရသည်။ ထိုသို့ စစ်အင်အား စုဖွဲ့ပြီးနောက် ဂွမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း သတင်းရင်း မြစ်များထံမှ သိရသည်။

‎”ဗျူဟာအဆင့် တပ်စခန်းကုန်းချဖို့ ပထမ ကင်ပွန်းချဉ်ကုန်းဘက်ဟိုးကုန်းမှာလည်း ထားထားပေမယ့် အခုသဲဖြူဘက်မှာ ထပ်ထိုင်တယ်။ လက်နက်၊ ခဲယမ်းနဲ့ အင်အားစုတာကိုလည်း သတင်းပေါက်မှာစိုးလို့ ညဘက်တွေ လှုပ်ရှားနေကြတယ်” ဟုသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

‎ထို့အပြင် စစ်တပ်သည် အဆိုပါ နယ်မြေများအတွင်း လိုအပ်သည့် လက်နက်ခဲယမ်းများကို လျှို့ဝှက်စွာ သယ်ယူတင်ပို့ထားပြီး တပ်ဖွဲ့ဝင် ရိက္ခာများကိုလည်း ဖြည့်တင်းထားကြောင်း သိရသည်။

‎နယ်မြေစိုးမိုးရေးအတွက် အနီးဝန်းကျင်ရှိ ကျေးရွာများတွင်လည်း မသင်္ကာသူများကို ဖမ်းဆီးစစ် ဆေးရန် ညွှန်ကြားထားသဖြင့် စစ်ဘေးရှောင်များနှင့် ဒေသခံပြည်သူအချို့မှာ မိမိတို့၏ အိမ်ခြံမြေနှင့် ပိုင်ဆိုင်မှုများကို စွန့်ခွာ၍ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။

‎ယခုပြုလုပ်မည့် ထိုးစစ်ဆင်ရေးအတွက် စစ်ဘက်က လေကြောင်းလိုင်းနှင့် ရေတပ်အင်အားများပါ စနစ်တကျ ထောက်ပံ့ပေးထားကာ မြေပြင်စစ်ကြောင်းများကိုလည်း စုစည်းဖြည့်တင်းနေကြကြောင်း သိရသည်။

‎ဂွမြို့နယ်ကို စစ်တပ်က ရေကြောင်းမှ စစ်သင်္ဘော ၄စီးထက်မနည်းသုံး၍ ပြီးခဲ့သည့် ဇူလိုင် ၈ရက်တွင် လက်နက်ကြီးများဖြင့် ၈၇ကြိမ် ပစ်ခတ်တိုက်ခိုက်မှု‌များ ပြုလုပ်ခဲ့သလို လေကြောင်းမှလည်း ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ထားသည်။

ပုံစာ-စစ်ရေးလေ့ကျင့်နေသော ရွေးတုအစိုးရတပ်ဖွဲ့ဝင်များ(ပုံဟောင်း)