ဧရာဝတီတိုင်းမ်
(ကြို့ပင်ကောက်)၊ ဇူလိုင် ၂၉ ရက်

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်း စစ်တပ်က ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့မှစတင်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေရာမှ ၎င်းတို့ ရွေးတုအစိုးရ စစ်တပ် တပ်ဖွဲ့ဝင်များ၏ နေအိမ်များပါ မီးရှို့ခံနေရကြောင်း သိရသည်။

 

ရွေးတုအစိုးရစစ်တပ်သည် ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းကျေးရွာနှင့် အနီးရှိ ကျေးရွာများကို အင်အား ၅၀၀ မှ ၆၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်နေ့က အလယ်ကုန်းရဲစခန်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် အမျိုးသမီး တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ စိုးမိုးထားသည်ဟုဆိုကာ စစ်လော်ဘီများ သတင်းဖြန့်သည့် ကျေးရွာများအတွင်းသို့ စစ်ကြောင်းက ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ရာ ဒေသခံများ၏ နေအိမ်များအပြင် ရွေးတုအစိုးရ လက်အောက်ခံ စစ်တပ်အရာရှိများ၏ မိသားစုနေအိမ်များပါ မီးလောင်ပြာကျခဲ့ရကြောင်း သိရသည်။

 

“တကယ် PDF တွေက သူတို့ပြောသလို စိုးမိုးနေတယ်ဆိုရင် အဲဒီစစ်တပ်မိသားစုအိမ်တွေ ခုလိုဖြစ်သွားစရာမရှိဘူး။ အေးဆေးနေရမှာ။ ခုက ကျေးရွာနေ ပြည်သူတွေအကုန် ပြေးနေရတယ်၊ ကြောက်နေရတယ်” ဟု စစ်ဘေးရှောင် အကူအညီပေးနေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြို့ကိုင်းရွာ မီးရှို့ခံရမှု ဖြစ်စဉ်တွင် မှော်ဘီလေတပ်၌ တာဝန်ကျနေသည့် စစ်တပ်တပ်ဖွဲ့ဝင်၏ နေအိမ်၊ အလယ်ကုန်းစခန်းတွင် တာဝန်ကျနေသည့် ရဲအုပ်ငွေစိုး မိသားစုအိမ်နှင့် ဘီးလင်းတွင် တာဝန် ကျနေသည့် စစ်တပ်အရာရှိ၏ မိသားစုအိမ်တို့ပါ မီးရှို့ခံခဲ့ရကြောင်း သိရသည်။ ကြို့ပင်ကောက်တွင် ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်နေ့မှစတင်ကာ မြို့ကိုင်း၊ ချောင်းဂွ၊ ညောင်ပင်သာနှင့် ကွက်သစ် စသည့် ကျေးရွာများမှာ မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

 

“ကျွဲဘီသတင်းဌာနဆိုတာကနေ အမျိုးသမီးတစ်ယောက် ကောလာဟလ မဟုတ်မမှန် သတင်းတွေ တင်နေတာ။ PDF စိုးမိုးတာ ဘာညာဆိုပြီး သူပြောတဲ့ရွာတွေကို စစ်ကြောင်းက လိုက်ထိုးနေတာ။ စစ်တပ်အရာရှိရဲ့ ယောက္ခမအိမ်ဆိုရင် ဆန်စက်တွေ၊ ကုန်စုံဆိုင်နဲ့ လယ်ယာသုံးပစ္စည်းတွေပါ မီးလောင်တဲ့ထဲ ပါသွားတယ်။ စစ်တပ်အရာရှိအိမ် အကြီးကြီးလည်း ဒရုန်းချခံရလို့ ပျက်စီးသွားပြီ။ သူပြောသလို PDF တွေ စိုးမိုးနေရင် အဲဒီစစ်တပ်အရာရှိ မိသားစုပါ နေလို့မရပါဘူး၊ အသိသာကြီးပါ” ဟု အဆိုပါ စစ်ရှောင်အကူအညီပေးနေသူက ဆက်လက်ပြောသည်။

 

ထို့ပြင် မြို့ကိုင်းရွာမီးရှို့ခံရမှုတွင် ရှောင်တိမ်းနိုင်ခြင်းမရှိသည့် အဖိုးအိုတစ်ဦးမှာလည်း နေအိမ်တွင်ပင် မီးရှို့သတ်ခံခဲ့ရပြီး ပြီးခဲ့သည့် ဇူလိုင် ၈ ရက်နေ့ကလည်း ကျခတ်တန်းကြီးကျေးရွာသို့ စစ်ကြောင်းထိုး လာသည့် စစ်တပ်သည်လယ်ထဲရှိတောင်သူတစ်ဦးကိုအကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – ပေးပို့