ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၉ ရက်
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေမှုနှင့် အပူပျံတက် တိမ်များ ဖြစ်ထွန်းမှု အားကောင်းနေခြင်းကြောင့် ယနေ့ ဇူလိုင် ၂၉ ရက်မှ ဩဂုတ် ၃ ရက်အတွင်း တိုင်းနှင့် ပြည်နယ်အချို့တွင် ဆက်လက် မိုးကြီးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) ထံမှ သိရသည်။
လာမည့်တစ်ပတ်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ယနေ့ ဇူလိုင် ၂၉ ရက်တွင် မိုး/ဇလ က ထုတ်ပြန်သည်။

ထို့ပြင် ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၄ ရက်နေ့အတွင်း ရန်ကုန်မြစ်တွင် ထူးကဲဒီရေ တက်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သတိပေး ထုတ်ပြန်ထားသည်။
လက်ရှိတွင် ရန်ကုန်မြို့အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ ဒီရေတက်လာသဖြင့် မြို့နယ်အနှံ့ အပြားရှိ မြေနိမ့်ပိုင်းများ၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း ရန်ကုန်မြို့တွင် နေထိုင်သူများထံမှ သိရသည်။
“ကျိုက်ဝိုင်းမှာ ရေတော်တော်များတယ်။ ရေတက်လေ့ရှိတဲ့ နေရာတွေပါပဲ။ အဲဒီလမ်းတစ်လျှောက် သမိုင်းလမ်းဆုံလည်း မိုးများရင် ရေတက်တယ်။ အခုတော့ မြောင်းတွေမှာ အမှိုက်တွေပိတ်လို့ ရေပိုတက်တယ်။ အဲဒီအမှိုက်တွေ ပိတ်ဆို့တော့ ရေပြန်ကျဖို့လည်း ကြာတယ်” ဟု ရမ်းကုန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ကချင်ပြည်နယ်၊ ကရင်နီ (ကယား) ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်လည်း နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်း၊ မြေပြိုခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် မြစ်ငယ်၊ ချောင်းငယ်အနီး နေထိုင်သူများအပါအဝင် ကုန်းမြင့်ဒေသ နေထိုင်သူများ အနေဖြင့် အထူးသတိထားရန် မိုး/ဇလ က တိုက်တွန်းထားသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်၍ ယင်းအချိန်တွင် လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ ၉ ပေမှ ၁၁ ပေခန့်အထိ ရှိနိုင်ကြောင်း မိုး/ဇလ က ထုတ်ပြန်သည်။
သို့ဖြစ်ပါ၍ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရန် လိုအပ်မည်ဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုအပါအဝင် လေပြင်းတိုက်ခတ်မှုကြောင့် လူထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး နေအိမ်များ ပျက်စီးခြင်း၊ သစ်ပင်များ ပြိုလဲကျိုးကျခြင်းတို့ ဖြစ်ပေါ်ခဲ့ ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဓာတ်ပုံ-မိုး/ဇလ