ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၉ ရက်
မန္တလေးလူထုသပိတ်ခေါင်းဆောင်၊ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ (ဟောင်း) လည်းဖြစ်သူ ကိုထက်မြက်အောင်အပါအဝင် သပိတ်ရဲဘော် ရှစ်ဦးကို အာဏာသိမ်းစစ်အုပ်စု အသွင် ပြောင်း ရွေးတုအစိုးရက မတရားသဖြင့် ထောင်ဒဏ် (၃၇) နှစ် ချမှတ်လိုက်ကြောင်း သက်ဆိုင်ရာ သမဂ္ဂ၏ ယမန်နေ့ ဇူလိုင် ၂၈ ရက်နေ့ တွင် ထုတ်ပြန်ထားသည်။
စစ်အာဏာသိမ်းချိန်မှစတင်၍ မန္တလေးမြို့ရှိ လမ်းမများပေါ်တွင် အကြမ်းမဖက် သပိတ်တိုက်ပွဲများ၌ ဦးဆောင်ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည့် ကိုထက်မြက်အောင်အပါအဝင် သပိတ်ရဲဘော် ရှစ် ဦးကို ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်နေ့တွင် ရွေးတုအစိုးရ၏ တရားရုံးက မတရားစွဲချက်တင်ထားသည့် ပုဒ်မ သုံးခုဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ရွေးတုအစိုးရသည် ယမန်နှစ် ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ၎င်းတို့ကို အကြမ်းဖက် ဖမ်းဆီးခဲ့ပြီး အဆက်အသွယ် ပြတ်တောက်နေခဲ့ရာမှ ယခုနှစ် ဇန်နဝါရီလမှစ၍ တရားရုံးတင် စစ်ဆေးခဲ့ ခြင်းဖြစ်သည်။ ယင်းနောက် ရွေးကောက်ပွဲ ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေး ဥပဒေပုဒ်မ ၂၃ (ခ)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) အပါအဝင် ပုဒ်မအများအပြားဖြင့် စွဲချက်တင်ခဲ့သည်။
ထို့နောက် ကိုထက်မြက်အောင်အပါအဝင် သပိတ်ရဲဘော် (၈) ဦးကို မတရား ဖမ်းဆီးထားပြီး (၇) လအကြာတွင် ရွေးတုအစိုးရ၏ အမှတ် (၃)၊ အမှတ် (၆) နှင့် အမှတ် (၇) ရဲစခန်းတို့က စွဲချက် တင်ထားသည့် ရွေးကောက်ပွဲများ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၃ (ခ) နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) တို့ဖြင့် စုစုပေါင်း ထောင်ဒဏ် ၃၇ နှစ်အထိ မတရား ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ဒီမိုကရေစီနှင့် လွတ်မြောက်မှုကို ငြိမ်းချမ်းစွာ တောင်းဆိုကြသည့် ဆန္ဒပြ ကျောင်းသား၊ ပြည်သူများ အပေါ် ယခုကဲ့သို့ အာဏာသိမ်းစစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရက မတရား ပြစ်ဒဏ်ချမှတ် ခြင်းများအပေါ် ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရတကသ) က အပြင်းအထန် ရှုတ်ချထားသည်။
ယင်းအပြင် မန္တလေးသပိတ်ခေါင်းဆောင် ကိုထက်မြက်အောင်အပါအဝင် မတရား ဖမ်းဆီးခံ ထားရသည့် ရဲဘော်များ လွတ်မြောက်ရေးအတွက် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ပြီး မတရားမှု များ၏ အရင်းအမြစ်ဖြစ်သည့် စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရက် ယန္တရားဆိုသည့် “စစ်သုံးစစ်” ကို ပြည်သူလူထုနှင့်အတူ အမြစ်ဖြတ် တိုက်ပွဲဝင်သွားမည်ဟု ရတကသ က ဆက်လက် အသိပေး ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ