ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၉ ရက်
နိုင်ငံတကာတွင် ထင်ရှားကျော်ကြားသည့် အမျိုးသားစာပေတစ်သက်တာဆုရ စာကြည့်တိုက်ပညာရှင် ဒေါက်တာစည်သူသော်ကောင်းသည် အသက် (၈၉) နှစ်အရွယ်သည် ယနေ့ ဇူလိုင် ၂၉ ရက် (ဝါဆိုလပြည့် ဓမ္မစကြာနေ့) နံနက်ပိုင်းက ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း (MLA) ထံမှ သိရသည်။
ဆရာကြီး ဒေါက်တာစည်သူသော်ကောင်း ကွယ်လွန်ခြင်းကို သားဖြစ်သူ ဒေါက်တာသန့်သော်ကောင်းက အတည်ပြုထားပြီး ရုပ်ကလာပ်ကို ယနေ့ ဇူလိုင် ၂၉ ရက် မွန်းလွဲ ၂ နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင်ကာ မီးသင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆရာကြီးသည် ဝါဆိုလပြည့် ဓမ္မစကြာနေ့ကဲ့သို့သော နေ့ထူးနေ့မြတ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်၍ သင်္ဂြိုဟ်ခြင်း အစီအစဉ်ကို ယနေ့မွန်းလွဲပိုင်းတွင်ပင် ပြုလုပ်ဆောင်ရွက်ခြင်း ဖြစ်သည်။
ဆရာကြီး ဒေါက်တာစည်သူသော်ကောင်းသည် မြန်မာနိုင်ငံ စာကြည့်တိုက်နှင့် စာပေလောကအတွက် အစဉ်တစိုက် အကျိုးပြုခဲ့ကာ စာပေနှင့် ပညာရေးနယ်ပယ်တွင် ကြိုးပမ်းအားထုတ်၍ မျိုးဆက်သစ် များကို ပညာမျှဝေပေးခဲ့သူဖြစ်ကြောင်း၊ ဆရာကြီး၏ ကျေးဇူးပြုမှုများအပါအဝင် ပညာအမွေအနှစ် များကို လေးစားစွာ အောက်မေ့ဂုဏ်ပြုရင်း ကျန်ရစ်သူ မိသားစုဝင်များနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းရကြောင်း မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း (MLA) က ထုတ်ပြန်ထားသည်။
ဆရာကြီး ဦးသော်ကောင်းသည် စာကြည့်တိုက်ပညာကို တက္ကသိုလ်အဆင့်တွင် သင်ကြားနိုင်ရန် ကြိုးပမ်းခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံ၏ စာကြည့်တိုက်လှုပ်ရှားမှုကို အားပေးလှုံ့ဆော်ကာ လေ့ကျင့် ပျိုးထောင် ပေးခဲ့သည့်အတွက် မြန်မာနိုင်ငံတွင်မက နိုင်ငံတကာတွင်ပါ ကျော်ကြားသော မြန်မာ့ စာကြည့်တိုက် ပညာရှင်တစ်ဦး ဖြစ်သည်။

ဆရာကြီးသည် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာစလုံးတွင် ကျွမ်းကျင်သူဖြစ်ပြီး မြန်မာ့သမိုင်းနှင့် မြန်မာစာပေဆိုင်ရာ စာတမ်းနှင့် စာအုပ် စုစုပေါင်း ၁၈ဝ ကျော်ကို ရေးသားထုတ်ဝေခဲ့ရာ အများစုကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည်။
အသက် ၇၁ နှစ်အရွယ် ၂၀၀၈ ခုနှစ်တွင် ပခုက္ကူဦးအုံးဖေ တစ်သက်တာစာပေဆု၊ အသက် ၇၃ နှစ်အရွယ် ၂၀၁၀ ပြည့်နှစ်တွင် အမျိုးသားစာပေတစ်သက်တာဆုတို့ကို ရရှိခဲ့သည်။ ထို့ပြင် ၂၀၁၅ ခုနှစ်တွင် သုတစွယ်စုံစာပေ တစ်သက်တာဆု၊ ၂၀၁၆ ခုနှစ်တွင် ထွန်းဖောင်ဒေးရှင်း တစ်သက်တာစာပေဆုနှင့် ဆရာဝန်တင်ရွှေ စာပေတစ်သက်တာဆုတို့ကိုလည်း ချီးမြှင့်ခံခဲ့ရသည်။
၁၉၉၉ ခုနှစ်တွင် ဩစတြေးလျနိုင်ငံ၊ အနောက်ဆစ်ဒနီ တက္ကသိုလ်က ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ [Doctor of Letters (Honoris Causa)] ချီးမြှင့်ခဲ့သဖြင့် “ဒေါက်တာသော်ကောင်း” ဟု ခေါ်ဆိုခြင်းခံခဲ့ရသည်။ ထို့ပြင် ၁၉၈၃ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ စာကြည့်တိုက်အသင်းက ဂုဏ်ထူးဆောင် အဖွဲ့ဝင် [Hon. Fellow of the Library Association (FLA)] အဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။
ဆရာကြီးသည် အသက် ၁၉ နှစ်အရွယ်ကတည်းက ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာန စာကြည့်တိုက်၌ အချိန်ပိုင်း စတင်လုပ်ကိုင်ခဲ့ပြီး ၁၉၅၉ ခုနှစ် မတ်လတွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဂုဏ်ထူး (အင်္ဂလိပ်စာ) ဘွဲ့ကို ပထမအဆင့်ဖြင့် အောင်မြင်ခဲ့၍ ဦးဘိုးနှစ် ရွှေတံဆိပ်ဆု ချီးမြှင့်ခံခဲ့ရသည်။
ယင်းနောက် ဆရာဇော်ဂျီ လက်အောက်ရှိ လူမှုရေးသိပ္ပံ စာကြည့်တိုက် (ယခု ရန်ကုန်စီးပွားရေး တက္ကသိုလ် စာကြည့်တိုက်) ၌ စာကြည့်တိုက်ပညာကို ဆက်လက်လေ့လာဆည်းပူးခဲ့သည်။
၁၉၆၂ ခုနှစ်တွင် လန်ဒန်တက္ကသိုလ်မှ စာကြည့်တိုက်ပညာ ဘွဲ့လွန်ဒီပလိုမာ ရရှိခဲ့ပြီး AALIA (Associate of the Australian Library and Information Association) ဘွဲ့နှင့် အင်္ဂလန်နိုင်ငံ၏ အမြင့်ဆုံးဘွဲ့ဖြစ်သော FLA (Fellow of the Library Association) ဘွဲ့တို့ကိုလည်း ရရှိခဲ့သည့် သမိုင်းဝင် ပညာရှင်တစ်ဦး ဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်