ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၈ ရက်
ဂျပန်နိုင်ငံအနောက်တောင်ပိုင်း၊ ကျူရှူးဒေသ၊ ခူမာမိုတိုမြို့တွင် ယနေ့ ဇူလိုင် ၂၈ ရက်တွင် အင်အားပြင်းထန်သောငလျင် ၇ ဒသမ ၁ အဆင့် မဂ္ဂနီကျူ့လှုပ်ခတ်သွားကြောင်း ဂျပန်သတင်းဌာန NHK တွင်ဖော်ပြထားသည်။
ငလျင်သည် ဂျပန်စံတော်ချိန် ညနေ ၄ နာရီ ၂၇ မိနစ်တွင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့သော်လည်း ညနေ ၆ နာရီ ၁၀ မိနစ်တွင် ပြန်လည်ရုတ်သိမ်းခဲ့သည်။
အဆိုပါငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်များဆက်တိုက်လှုပ်ခတ်ရာ မဂ္ဂနီကျူ့အဆင့် ၅ ပြင်းအားရှိကြောင်းသိရသည်။

ခူမာမိုတိုမြို့၊ ခါရှီးမားမြို့ရှိ Aeon ဈေးဝယ်စင်တာတွင် သတင်းအစအနမရဘဲပျောက်ဆုံးနေသည်ဟုယူဆရသူ လူ ၂၀ မှ ၃၀ ခန့်ရှိနေပြီး ဈေးဝယ်သူများထခိုက်မှုရှိ၊ မရှိအခြေအနေအသေးစိတ်မသိရသေးကြောင်း NHK သတင်းတွင်ဖော်ပြထားသည်။
ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မီးသတ်နှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီ၏ ထုတ်ပြန်ချက်အရဖော်ပြထားသည်။
ငလျင်လှုပ်ခတ်ပြီးနောက် ဈေးဝယ်စင်တာနေရာတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး ယင်းစင်တာဒုတိယထပ်မှာပြိုကျပျက်စီးသွားကြောင်းသိရသည်။

ထို့ပြင်ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၅၀ ကျော် ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး ယင်းတို့ထဲမှ လူနာတစ်ဦးက သတိမေ့မြောနေကြောင်းဖော်ပြထားသည်။
ငလျင်လှုပ်ခတ်ခံရသော ကူမာမိုတိုမြို့တွင် မီးလောက်မှုများဖြစ်ပေါ်ခြင်း၊ လျှပ်စစ်မီးပြတ်တောက်ခြင်းနှင့် နေအိမ်တိုက်တာပြိုကျမှုကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပေါ်နေကြောင်း NHK သတင်းတွင်ဖော်ပြထားသည်။
အဆိုပါ ခူမာမိုတိုဒေသတွင် ၂၀၁၆ ခုနှစ်က ပြင်းအားအဆင့် ၇ ရှိ ငလျင်နှစ်ကြိမ်ဆက်တိုက်လှုပ်ခတ်ခဲ့ပြီးနောက် ယခုလိုပြင်းအားမျိုးကြုံတွေ့ရခြင်းမရှိကြောင်းပါဝင်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
ကိုးကား – NHK Wold Japan
Ref : M7 .1 earthquake strikes southwestern Japan