ဧရာဝတီတိုင်းမ်
(တမူး)၊ ဇူလိုင် ၂၈ ရက်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ တမူး-ကလေး ကားလမ်းတစ်လျှောက်တွင် တိုက်ပွဲများ ပြင်းထန်နေဆဲ ဖြစ်သော်လည်း ခမ်းပတ်မြို့တွင် အုပ်ချုပ်ရေးယန္တရား ပြန်လည်စတင် လှည့်ပတ်နိုင်ရန် ရွေးတုအစိုးရ စစ်တပ်က ကြိုးပမ်းနေကြောင်း ဒေသခံများထံမှ သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသည့် ခမ်းပတ်မြို့ကို ရွေးတုအစိုးရစစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့သဖြင့် ပြီးခဲ့သည့် ဇွန် ၁၉ ရက်နေ့တွင် ပြန်လည်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ရွေးတုအစိုးရစစ်တပ်သည် တမူးမြို့ရှိ ဌာနဆိုင်ရာ Non-CDM ဝန်ထမ်းများကို ကလေးမြို့မှ တစ်ဆင့် ခမ်းပတ်မြို့သို့ ပို့ဆောင်ထားပြီး အုပ်ချုပ်ရေးယန္တရား ပြန်လည်စတင် လှည့်ပတ်နိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့အပတ်လောက်ကစပြီး ဝန်ထမ်းတွေကို တမူးမြို့ကနေ ကလေးမြို့ကို ရဟတ်ယာဉ်နဲ့ ပို့တယ်။ ကလေးမြို့ကနေတစ်ဆင့် ခမ်းပတ်မြို့ကို စစ်ကားတွေနဲ့ ပို့တယ်။ အဓိကတော့ အုပ်ချုပ်ရေးယန္တရား ပြန်လှည့်ပတ်ဖို့ပါပဲ” ဟု တမူးမြို့ခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် အုပ်ချုပ်ရေးယန္တရား လုပ်ငန်းများ ဆောင်ရွက်ပြီးပါက စစ်ဘေးရှောင်နေကြသည့် ဒေသခံ ပြည်သူများကိုလည်း လာမည့် ဩဂုတ်လ ပထမအပတ်အတွင်း ပြန်လာနိုင်ရေးအတွက် ရွေးတုအစိုးရက စီစဉ်နေကြောင်း သိရသည်။

“မြို့ထဲ အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပြီးသွားရင် ပြည်သူတွေ ပြန်ခေါ်ဖို့ စီစဉ်နေတယ်။ လာမယ့် ဩဂုတ်လထဲ အားလုံး ပြန်လာနိုင်ရေးအတွက် ဆောင်ရွက်နေပါတယ်” ဟု အဆိုပါ တမူးမြို့ခံက ဆက်လက်ပြောသည်။

ရွေးတုအစိုးရစစ်တပ်သည် ခမ်းပတ်မြို့တွင် အုပ်ချုပ်ရေးယန္တရားများ ပြန်လည်လှည့်ပတ်ရန် ကြိုးပမ်း နေသော်လည်း တမူး-ကလေး ကားလမ်းနှင့် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်သည်။

အဆိုပါ နယ်စပ်စစ်ရေးတင်းမာမှုများကြောင့် အိန္ဒိယစစ်တပ်က နယ်စပ်တွင် လုံခြုံရေး တိုးမြှင့်ထားပြီး အိန္ဒိယဘက်ခြမ်းသို့ လက်နက်ကျည် မကျရောက်စေရန် ခြိမ်းခြောက် ပစ်ခတ်မှုများပါ ပြုလုပ်လျက် ရှိကြောင်း သိရသည်။