ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၈ရက်
ရခိုင်ပြည်နယ်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မင်းပြားနှင့် ပေါက်တောမြို့တို့ကို သမိုင်းဝင် အဓိပ္ပာယ်ရှိသော မြို့အမည်သစ်များ ပြောင်းလဲ၍ ဆိုင်းဘုတ်ထူခဲ့ကြောင်းနှင့် ဆိုင်းဘုတ်ထူပွဲတွင် အမြောက် (၇) ချက် ပစ်ဖောက်ဂုဏ်ပြုခဲ့ကြောင်း သိရသည်။
ယနေ့ ဇူလိုင် ၂၈ ရက် နံနက်ပိုင်းတွင် မင်းပြားမြို့ကို “အဉ္စနပူရမြို့” အဖြစ်လည်းကောင်း၊ ပေါက်တောမြို့ကို “ဝီရဌာနီမြို့” အဖြစ်လည်းကောင်း မြို့အမည်သစ်များ ပေးခဲ့ခြင်းဖြစ်ပြီး မြို့အုပ်ချုပ်ရေးအဖွဲ့များက ဖွင့်ပွဲပြုလုပ်ကာ ဆိုင်းဘုတ်သစ်များ စတင်ထူထောင်ခဲ့ခြင်း ဖြစ်သည်။
“တခြားမြို့နာမည်တွေလည်း ပြောင်းဖို့ရှိတယ်လို့ သိရပါတယ်။ မြို့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ဖွင့်ပွဲလုပ်ပြီး ဆိုင်းဘုတ်သစ်တွေ ထူတာပါ” ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများရှိ မြို့နာမည်များကို သမိုင်းဝင် အဓိပ္ပာယ်ရှိသည့် မြို့အမည်များ ပြောင်းလဲပေးသည့်အပေါ် ဒေသခံပြည်သူများက ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။
စစ်တပ်အုပ်ချုပ်မှု ကင်းစင်သွားသည့် လွတ်မြောက်နယ်မြေများဖြစ်သော ရခိုင် ၁၄ မြို့နယ်တွင် AA က ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီး အုပ်ချုပ်ရေးယန္တရား ထိရောက်စွာ လည်ပတ်နိုင်ရန် လုပ်ကိုင်နေသည်။ ထို့ပြင် AA ၏ ရဲတပ်ဖွဲ့ဖြစ်သည့် “ဖဒီလပ်” ကလည်း ဒေသတွင်း မှုခင်းဆိုင်ရာများကို အမြန်ဆုံး ဖော်ထုတ်ကိုင်တွယ်ပေးလျက် ရှိသည်။
ယင်းအပြင် အရေးပေါ် သဘာဝဘေးအန္တရာယ်ဖြစ်သည့် ရေဘေးကူညီကယ်ဆယ်မှု လုပ်ငန်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးနေပြီး ဒေသခံ ပရဟိတအဖွဲ့များနှင့် ချိတ်ဆက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်။
တစ်ပြိုင်နက်တည်းမှာပင် မိုင်းအန္တရာယ် ကင်းရှင်းရေးအတွက် မြောက်ဦးနှင့် မောင်တောဒေသတို့တွင် AA ၏ မိုင်းရှင်းလင်းရေး အဖွဲ့များက မြေမြှုပ်မိုင်းများကို ဆက်လက် ရှင်းလင်းပေးလျက်ရှိကြောင်း သိရသည်။