ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၈ ရက်
မန္တလေး- မြစ်ကြီးနားလမ်းရှိ စစ်ကိုင်းတိုင်း၊ အင်းတော်နှင့် မော်လူးမြို့နယ်များအတွင်း စစ်ကြောင်းထိုး နေသည့် တပ်မ (၃၃) စစ်ကြောင်းများ နောက်တန်းစခန်းများကို ပြန်လည်ဆုတ်ခွာပြီး စုဖွဲ့မှုများ ပြုလုပ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၈ရက်မှစကာ မော်လူးနှင့်အင်းတော်မှ တပ်ဆုတ်လာသည့်စစ်ကြောင်းများသည် ဇူလိုင် ၂၂ ရက်မှစတင်၍ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းအတိုင်း စစ်ကား ၈၀ ခန့်ပါဝင်သော ယာဉ်တန်း နှစ်ခုဖြင့် ဆုတ်ခွာလာခဲ့ကြောင်းသိရသည်။
”မော်လူးကဆုတ်သွားတဲ့တပ်တွေဆို ရေနဲ့ အစားအစာတွေမှာ အဆိပ်ခတ်တဲ့အထိ လုပ်ထားခဲ့ကြတယ်။ ဒီရက်ပိုင်း တပ်အလဲအလှယ်တွေလုပ်နေတာ။ ဘယ်တော့ စစ်ကြောင်းပြန်ထိုးမလဲပဲ” ဟု သတင်းရင်း မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ စစ်ကြောင်းမှ တပ်ဖွဲ့အချို့သည် မန္တလေး နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) နှင့် ပုသိမ် ကြီးမြို့နယ်ရှိ ခမရ-၁၁၆၊ ခမရ-၁၁၉ တို့သို့ ဝင်ရောက်ခဲ့ကာ အင်အား ၂၀၀ ဝန်းကျင်မှာ စဉ်းကူး မြို့နယ် လက်ပန်လှရွာမှတစ်ဆင့် စဉ်းကူးမြို့အတွင်းသို့ဝင်ရောက်မှုများရှိသလို ကျောက်မြောင်း ခလရ-၁၂ မှ တစ်ဆင့် ရွှေဘိုမြို့အတွင်းသို့လည်းကောင်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အင်းတော်မြို့နယ်အတွင်း၌လည်း စစ်တပ်ဘက်က ဗျူဟာတစ်ခုသာ ချန်လှပ်ထားခဲ့ပြီး စခန်းအများစုကို လက် လွှတ်ခဲ့ပြီး ဝန်းသိုခမရ ၁၁၁ ဘက်သို့ ရဟတ်ယာဉ်များဖြင့် စစ်အင်အား ပို့ဆောင်မှုများ ပြုလုပ်နေကြောင်း သိရသည်။
ထို့အပြင် ယနေ့ ဇူလိုင် ၂၈ ရက်တွင်လည်း စစ်ကိုင်းမှ ထွက်လာသော စစ်အင်အား အပြည့်ပါ သံပြားကာကား ရှစ် စီးနှင့် ခြောက် ဘီးကား နှစ်စီး ပါဝင်သည့် မော်တော်ယာဉ်တန်းသည် စစ်ကိုင်း ကောင်းမှုတော်ဘုရားမှတဆင့် မြင်းမူ၊ ချောင်းဦးနှင့် မုံရွာဘက်သို့ ပြန်လည်ဦးတည် မောင်းနှင် လာနေကြောင်း Monywa Revolution (MR) က ထုတ်ပြန်ထားသည်။
တကောင်း၊ ထီးချိုင့်ဘက်ကို သိမ်းပိုက်နိုင်ခဲ့သည့် စစ်တပ်သည် ပြီးခဲ့သည့် မေလမှစတင်ကာ စစ်ကိုင်းအထက်ပိုင်း ကသာ၊ အင်းတော်နှင့် မော်လူးဒေသများကို ဆက်လက်စစ်ကြောင်းထိုးခဲ့သဖြင့် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး နဘားလမ်းဆုံ၊ မဲဇာ၊ နန့်သဲ၊ သံဘို၊ နောင်မိုးနှင့် အလယ်ဆိပ်ကျေးရွာများကို သိမ်းပိုက်နိုင်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့များ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စခန်းအချို့ကို ပြန်လည်လက်လွှတ်ခဲ့ရသည်။
ပုံစာ-ရွေးတုအစိုးရစစ်တပ် တပ်ဖွဲ့ဝင်