ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၈ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် အသွင်ပြောင်း ရွေးတုသမ္မတ မင်းအောင်လှိုင်၏ ရက် (၁၀၀) စီမံကိန်း ကာလအတွင်း အများပြည်သူများ ခက်ခဲကျပ်တည်းနေသည့် အထွေထွေ ကုန်ဈေးနှုန်းများကို ကျဆင်းစေရေန် ဆောင်ရွက်နိုင်ခြင်းမရှိသော်လည်း မြန်မာအာကာသအေဂျင်စီ (MSA) ၏ နည်းပညာ လုပ်ငန်းများ ပြီးစီးကြောင်း ဟန်ပြပြုလုပ်ခဲ့သည်။
ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ မြန်မာအာကာသအေဂျင်စီ (MSA) တွင် ယမန်နေ့ ဇူလိုင် ၂၇ ရက်နေ့က နည်းပညာလုပ်ငန်းများ ပြီးစီးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း အခမ်းအနား ပြုလုပ်ခဲ့ရာ ရွေးတုသမ္မတ မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိ မြေပြင်တွင် ရွေးတုအစိုးရ၏ “တရားမဝင် ကုန်စည် တားဆီးရေး ရက် (၁၀၀) စီမံချက်” ကြောင့် လမ်းခရီး ဂိတ်ကြေးများနှင့် သယ်ယူပို့ဆောင်စရိတ် ကုန်တင်ခများ သုံးဆခန့်အထိ အဆမတန် မြင့်တက်သွားပြီး ကုန်စည်စီးဆင်းမှု ပိတ်ဆို့ထားသကဲ့သို့ ဖြစ်ပေါ်နေသဖြင့် ပြည်သူများမှာ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ရင်ဆိုင်နေရသည်။

ထိုသို့ ပြည်သူများ ဝမ်းစာအတွက် အကျပ်အတည်းဖြစ်နေချိန်တွင် ရွေးတုသမ္မတ မင်းအောင်လှိုင်က မြန်မာအာကာသအေဂျင်စီ ဖွဲ့စည်းနိုင်မှုသည် နိုင်ငံတော်အတွက် အိပ်မက်ကို အကောင်အထည် ဖော်နိုင်ခြင်း ဖြစ်ကြောင်းနှင့် အာကာသယာဉ်မှူးတာဝန် ထမ်းဆောင်ရန် ပဏာမ ရွေးချယ်ထားသည့် အာကာသယာဉ်မှူးလောင်းများနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံအတွက် ပထမဆုံး အာကာသယာဉ်မှူးများ ရွေးချယ်မည်ဟု ပြောဆိုခဲ့သည်။
အဆိုပါ အခမ်းအနားတွင် MAH-1 ERS ဂြိုဟ်တုပုံစံငယ် ပြုလုပ်ထားမှုနှင့် ဘယ်လာရုစ်နိုင်ငံ စာကြည့်တိုက်တို့ကြား ချိတ်ဆက်ထားသည့် E-library အခြေအနေများကိုလည်း သရုပ်ပြခဲ့ကြောင်း သိရသည်။
ရွေးတုအစိုးရသည် သိပ္ပံနှင့် နည်းပညာ တိုးတက်မြင့်မားရေး ပြောဆိုနေသော်လည်း ရန်ကုန်မြို့ အပါအဝင် မြို့ကြီးများတွင် အင်တာနက်လိုင်း ဆွဲအားများကို လျှော့ချထားပြီး မြို့အများအပြား၌ ဖုန်းနှင့် အင်တာနက်လိုင်းများကို ပိတ်ပင်ထားဆဲ ဖြစ်သည်။

ထို့ပြင် မြေပြင်တွင် စားအုန်းဆီ တစ်ပိဿာလျှင် ပြင်ပပေါက်ဈေး ကျပ် ၁၈,၀၀၀ ဝန်းကျင်အထိ ဈေးမြင့်တက်နေပြီး ရွေးတုအစိုးရက ရန်ကုန်အထိုင် ရည်ညွှန်းဈေး ကျပ် ၇,၂၂၀ ဟု သတ်မှတ် ထားသော်လည်း အကန့်အသတ်ဖြင့် ဆီစာအုပ်တန်းစီ ရောင်းချပေးမှုကြောင့် ပြည်သူအများစုမှာ ဝယ်ယူခွင့်မရဘဲ မှောင်ခိုဈေးကွက်မှ ဝယ်ယူနေရသည်။
အလားတူ ကြက်ဥတစ်လုံးလျှင် ပြင်ပဈေးကွက်၌ ကျပ် ၇၀၀ ဝန်းကျင်အထိ ဈေးတက်နေသဖြင့် ရွေးတုအစိုးရက ၅၅၀ ကျပ်ဖြင့် သမဝါယမ စနစ်ဖြင့် အတင်းအကျပ် ရောင်းချခိုင်းမှုကြောင့် ဈေးကွက်အတွင်း ကုန်စည် ပြတ်လပ်မှုများအထိ ဖြစ်ပေါ်ခဲ့သည်။
ရွေးတုအစိုးရသည် ၎င်းတို့၏ စစ်တပ်ပိုင် သမဝါယမစနစ်ဖြင့် ကုန်ဈေးနှုန်း ထိန်းချုပ်ရန် ကြိုးပမ်း ခဲ့သော်လည်း ငွေကြေးဖောင်းပွမှုနှင့် ကုန်ဈေးနှုန်းများကို ထိန်းချုပ်နိုင်ခြင်းခြင်းမရှိကြောင်း ရွေးတု သမ္မတ မင်းအောင်လှိုင် ကိုယ်တိုင် ဝန်ခံထားရသည့် အခြေအနေတွင် အာကာသ အစီအစဉ်ဆိုသည့် ဟန်ပြပရောဂျက်များကိုသာ ရက်(၁၀၀) စီမံကိန်းအဖြစ် အကောင်အထည်ဖော်ပြလာခြင်း ဖြစ်သည်။
ဓာတ်ပုံ – ရွေးတုအစိုးရ