ဧရာဝတီတိုင်းမ်
‎ဇူလိုင် ၂၈ ရက်
‎‎

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်ရှိ သက်ရှိသင်္ချိုင်း သို့မဟုတ် သေမင်းတမန်နွံအိုင်ဟု စစ်တပ် တပ်ဖွဲ့ဝင်များ အမည်တပ်ပေးထားသည့် နတ်ရေကန်ဗျူဟာကို စစ်ကူအင်အားများ ပို့မလောက်သည့်အခြေအနေဖြစ်နေကြောင်း သိရသည်။

ခံစစ်မှ တိုက်စစ်အသွင်မပြောင်းလဲနိုင်တော့သည့် နတ်ရေကန်ရောက် စကခ ၁၇ကိုခေါ်ထုတ်ရန် စစ်တပ်က စကခ ၁၀တပ်များကို ဇူလိုင် ၂၄ရက်က စစ်ယာဉ်တန်းများဖြင့်ခေါ်သွင်းလာရာ AAက လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်ကာတိုက်ခိုက်ခဲ့သည့်အတွက် လေယာဉ်ပစ်ကူပါခေါ်ခဲ့ရကြောင်း သိရသည်။

စစ်ကူယာဥ်တန်းများ ရောက်လာပြီးနောက် ယမန်နေ့ ဇူလိုင် ၂၇ရက်နေ့က နတ်ရေကန်ဗျူဟာမှတဆင့် ဆုံကုန်းအမြောက်တပ် မစခ ၉၀၅ဆီပြန်ခေါ်လာသည့် မိုင်းပန် စကခ ၁၇မှ တပ်ဖွဲ့ဝင်အနည်းငယ်သည် မကွေးဘက်သို့ ထွက်ခွါသွားကြောင်း သိရသည်။

“မူလကတပ်အချိန်းအပြောင်းလုပ်မယ်ထင်တာ။ အခုတော့ နောက်ထပ် တပ်မတစ်ခုကို ထပ်မံပို့ဆောင်လိုက်ခြင်းပဲဖြစ်ပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလက နတ်ရေကန်ကိုစတင်ပို့ဆောင်ခဲ့သည့် စကခ ၁၇၏ အင်အားနှင့်နှိုင်းယှဉ်လျှင် ယခု ဇူလိုင်တွင် ပြန်လည် ဆုတ်ခွါလာသည့် အင်အားအရ သုံးပုံ တစ်ပုံခန့် အင်အားပြုန်းတီးခဲ့ပြီဟု သိရသည်။

စကခ ၁၇မှ လက်ကျန်အင်အားနှင့် ညောင်ကျိုးမှဆွဲထုတ်လာသည့် မော်လိုက်အခြေစိုက် စကခ ၁၀တို့ နတ်ရေကန်လမ်းကြောင်းကို ပူးပေါင်းထိုးစစ်ဆင်ပြီး ဆုံးရှုံးထားသည့် အမ်းမြို့နယ်ကို ပြန်လည်ရယူရန် စီစဉ်နေကြောင်း သုံးသပ်ပြောဆိုကြသည်။

နတ်ရေကန်ဗျူဟာကိုကာကွယ်ရန် စစ်တပ်က တပ်မ လေးမအထိ အသုံးပြုခဲ့ရပြီး ပထမဆုံးတပ်မ ၈၈မှာ အမ်းကိုစစ်ကြောင်းထိုးစေရာ ပဲပဒုံဂိတ်မှ ပြန်ပြေးခဲ့ရပြီး နတ်ရေကန်တွင် အထိုင်ခံစစ်ဖြစ်ခဲ့ရသည်။ ထို့နောက် တပ်မ ၉၉မှ အင်အား ၁၅၀၀ ကျော်ကို ထပ်မံပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

ရှစ်လခန့်အကြာ ခံစစ်အသေနှင့် လှုပ်ရှားနေရသည့် တပ်မ ၉၉ကို ပြန်လည်ခေါ်ယူရာတွင် နတ်ရေကန်မှ ပဒါန်းလမ်းဆုံထိ အင်အား ၇၀၀၊ ပဒါန်းလမ်းဆုံမှ ဆုံကုန်းအမြောက်တပ်အထိ အင်အား ၃၀၀ သာနောက်ဆုံးကျန်ရှိပြီး အင်အား ၅၀၀ မှာ သေဆုံးပျောက်ပျက် စာရင်းသွင်းခဲ့ရကြောင်း သိရသည်။

ယခု ဇူလိုင် ၂၄ရက်နှင့် ၂၅ရက်က ခေါ်သွင်းလာသည့် စစ်ကား အစီး ၇၀နှင့် အင်အားအပြည့်ပါ စစ်ကူယာဉ်တန်းမှာ ညောင်ကျိုးမှ တပ်ပျက် စကခ ၁၀ဖြစ်ပြီး ၎င်းတို့မှာလည်း စကခမှူးပါ AAလက်ချက်ဖြင့်သေဆုံးခဲ့ရပြီး အထိနာနေသည့်တပ်ဖြစ်သည်။

နတ်ရေကန်ကို စစ်တပ်က အင်အားထောင်ချီဖြင့်ကာကွယ်နေရပြီး AAနှင့်တော်လှန်ရေးတပ်များကလည်း တက်လာသည့် စစ်ကူစစ်ကြောင်းများကို အမှည့်ခြွေ ခြွေထားသည့်အခြေအနေဖြစ်သည်။ စစ်တပ်က ပဒါန်းတပ်နယ်အတွင်း ဒုံးတပ်ဖွဲ့များကိုပါစေလွှတ်ထားပြီး အပြင်းအထန် ခုခံနေခြင်းဖြစ်သည်။


ယခုဆိုလျှင် အမ်းမြို့သိမ်းတိုက်ပွဲပြီးနောက် မကွေးတိုင်းအတွင်း စစ်နယ်မြေဖြန့်ကျက်လာသည့် AAကို ရင်ဆိုင်ရန် စစ်တပ်က နတ်ရေကန်လမ်းကြောင်းတစ်ခုတည်းကိုပင် တပ်မ ၈၈၊ တပ်မ ၉၉၊ မိုင်းပန်အခြေစိုက် စကခ ၁၇၊ မော်လိုက်အခြေစိုက် စကခ ၁၀တပ်များကို သုံးနေရပြီဖြစ်သည်။

စစ်ရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့များထံမှ ထွက်ပေါ်လာသည့် ဂြိုဟ်တုဓာတ်ပုံများအရ စစ်တပ်က အသေခံကာကွယ်နေသည့် ကမ္ဘာလုံးစခန်းကြီးမှာလည်း ပြိုကျပျက်စီးသွားပြီဖြစ်သည်။