ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၈ ရက်
ရခိုင်တွင် မြို့နယ်သုံးမြို့နယ်သာ ကွက်၍ အုပ်ချုပ်ခွင့်ရတော့သည့် ရွေးတုအစိုးရက မြို့တော်စစ်တွေတွင် ပစ်ခတ်သံများပြန်ကြားလာရပြီးနောက် ခံစစ်ကို အထူးပြင်ဆင်မွမ်းမံလာကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၅ရက်နေ့အထိ စစ်တွေမြို့နယ်အတွင်းရှိ ရွှေမင်းဂံရေတပ်စခန်းကို AAက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ထားပြီး ပျက်စီးဆုံးရှုံးမှုများရှိကြောင်း သိရသည်။
ထို့အပြင် ဇူလိုင် ၂၂ရက်နေ့ကလည်း ခလရ ၂၇၀ နောက်ဘက်၊ အောင်တိုင်ကျေးရွာရှိ စစ်တပ်ကာကင်းများကို AAက ဒရုန်းသုံး၍ ဗုံးချတိုက်ခိုက်မှုများ ပြုလုပ်ထားသည်။ထိုတိုက်ခိုက်မှုများအပြီး စစ်တပ်က ရေကြောင်းမှနေ၍ အင်အား ရာချီကို စစ်တွေမြို့အတွင်း ခေါ်ယူလာကြောင်း ဒေသတွင်းသတင်းများထံမှ သိရသည်။
”ပစ်ခတ်တိုက်ခိုက်မှုက အခုနောက်ပိုင်းစိတ်လာတဲ့အပြင် AAတပ်ဖွဲ့တွေ စစ်တွေကိုပိတ်ဆို့ထားပြီး တပ်ရင်းတွေကို စိမ့်ဝင်တိုက်ခိုက်လာတာ ဆိုတော့ စစ်တပ်က လူအင်အားရသလောက်စုတယ်။ ကတုတ်ကျင်းတွေ နှစ်ထပ်သုံးထပ်တူးတယ်။ မြို့ထဲမှာလည်း အင်အားပြတယ်” ဟုသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ၂၀၁၉၊ ၂၀၂၀ မှစတင်ကာ စစ်တပ်က စစ်တွေမြို့ကို အသည်းအသန် ခံစစ်ပြင်ထားပြီးဖြစ်သည့်အတွက် ယခုကာလတွင် ကမ်းခြေတလျှောက်ခြံစည်းရိုးခတ်ခြင်းနှင့် မြို့အစွန်ကျေးရွာများမှဒေသခံများကိုမောင်းထုတ်ကာ လက်နက်ကြီး ပစ်ကွင်းရှင်းခြင်းများကို ထပ်တိုးလုပ်ဆောင်လာခြင်းဖြစ်သည်။
မြို့အတွင်းကိုလည်း ပြီးခဲ့သည့် ဇွန်လအတွင်း ကမ်းထိုးရေယာဉ်များအသုံးပြုပြီး သံချပ်ကာယာဉ်များသွင်းယူကာ အင်အားပြ လှည့်လည်သည့်အပြင် AAစိုးမိုးရာ ပုဏ္ဏားကျွန်းမြို့နယ်ကိုပါ ထိုးစစ်ဆင်မယောင် အင်အားပြခဲ့သော်လည်း ဒကစအနီးပစ်ခတ်မှုများကြောင့် မြို့တွင်းပြန်ဆုတ်ပြေးခဲ့ရသည်။
စစ်တွေမြို့နယ်အတွင်း ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ဒကစ၊ ခလရ ၂၀၊ ခလရ ၃၄၄၊ ခလရ ၂၃၂၊ ခလရ ၂၇၀၊ ရဲတပ်ရင်း ၁၂၊ ရဲတပ်ရင်း ၃၆ တို့အပြင် လက်ရုံးတပ်များအပါအဝင် တပ်ရင်းတပ်ဖွဲ့ပေါင်း ၁၅ခုရှိနေသည်။ ရဲတပ်ရင်းနှင့် စစ်ကြောင်းအချို့မှလွဲ၍ ကျန်သည့်တပ်ရင်းများမှာ စစ်တွေမြို့ပြင်တွင် ရှိနေခြင်းဖြစ်သည်။
မြို့စွန်တွင်ရှိနေသည့် စစ်လက်နက်ပစ္စည်းစုဆောင်းရေးတပ်မှ စစ်လက်နက်၊ ခဲယမ်း၊ ဗုံးသီးများကို စစ်တပ်က ပြီးခဲ့သည့် ဧပြီလကပင် ဒကစအနီးကို ရွှေ့ပြောင်းသယ်ယူလာပြီး ကွန်မန်ဒိုတပ်ဖွဲ့များကို စောင့်ကြပ်ခိုင်းခဲ့သည်။
ထို့အပြင် ခလရ ၂၀နှင့် ဆေးတပ်ရင်းအတွင်းတွင် အရေးပေါ်ပျံသန်းနိုင်ရန် ရဟတ်ယာဉ် နှစ်စီးမှ သုံးစီးအထိ စီစဉ်ထားကြောင်းလည်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။