ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၈ ရက်
မကွေးတိုင်း၊ ဆောမြို့သို့ ဦးတည်ထွက်လာသော အာဏာသိမ်း ရွေးတုအစိုးရတပ်ကို နှစ်ကြိမ်တိုင် တိုက်ခိုက်ရာ စစ်သုံ့ပန်း ကိုး ဦးနှင့်အတူ လက်နက်ခဲယမ်း၊ ရိက္ခာနှင့် ကားများ၊ စစ်အသုံး အဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ယနေ့ ဇူလိုင် ၂၈ ရက်တွင် ထုတ်ပြန်သည်။
ဆောမြို့နယ်၊ လောင်းရှည်တိုက်နယ်မှ တပ်မ (၉၉) ဦးစီး သည့် အင်အား ၃၀၀ ဝန်းကျင်ပါရှိသော် ရွေးတုအစိုးရ စစ်တပ် စစ်ကြောင်းသည် ဇူလိုင် ၁၆ ရက်တွင် ဆောမြို့သို့ ဦးတည်ထွက်ခွာလာရာ NUG လက်အောက် ခံ PDF ခရိုင်စစ်ဌာနများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ရှုံးအထိ နာကာ လောင်းရှည်မြို့သို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

ထိုကဲ့သို့ စစ်ရှုံးအထိနာ၍ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသည့် စစ်တပ်ကို NUG လက်အောက်ခံ PDF တပ်ရင်းတပ်ဖွဲ့များက လိုက်လံရှင်းလင်း တိုက်ခိုက်ချေမှုန်းရာ ရွေလက်နက်ခဲယမ်းများ၊ ရိက္ခာတင်ကား သုံး စီး၊ ရိက္ခာများနှင့် စစ်အသုံးအဆောင် ပစ္စည်းများသိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းနောက် အဆိုပါ စစ်တပ် စစ်ကြောင်းသည် ဇူလိုင် ၂၅ ရက်တွင် အင်အား ၁၈၀ ဝန်းကျင်ဖြင့် လေကြောင်းပစ်ကူ ရယူပြီး မြေပြင်၊ ဝေဟင်တို့တွင် ဒုတိယအကြိမ် ထိုးစစ်ဆင်လာသောကြောင့် မကွေးတိုင်းစစ်ဌာန PDF တပ်ရင်းတပ်ဖွဲ့များမှ အပြင်းအထန် ခုခံတိုက်ခိုက်ရာ အထိနာ၍ ထပ်မံဆုတ်ခွာသွားပြီး စစ်သုံ့ ပန်း ကိုး ဦး ဖမ်းဆီးထိန်းသိမ်း ရမိခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်ထိ ရွေးတုအစိုးရစစ်တပ်နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေဆဲဖြစ်ပြီး ယခု စစ်ဆင်ရေးအတွင်း MA-1 သေနတ် လေး လက်၊ MA-3 သေနတ် သုံး လက်၊ ရှော့ဂန်းသေနတ် နှစ် လက်၊ RPG ပြောင်း နှစ် လက်၊ ၄၀ မမ အသီး ၅၁ လုံး၊ ၆၀ မမ အသီး ၁၄၄ လုံး၊ ၈၁ မမ အသီး ၁၉ လုံး၊ ၁၂၀ မမ အသီး ၂၂ လုံးနှင့် ရှော့ဂန်းကျည် ၂၅ တောင့်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ၅.၅၆ ကျည် ၅၆၁၅ တောင့်၊ ၇.၆၂ သုံးမျိုးသုံးကျည် ၃၇၉ တောင့်၊ MG 42 ကျည် ၁၄၁၅ တောင့်၊ လက်ပစ်ဗုံး ငါး လုံး၊ အီနာဂါ ခြောက် ခု၊ RPG အဖူး ၁၄ ဖူး၊ RPG ပို့ကျည် ၁၅တောင့်၊ MG 42 ပြောင်းပို နှစ် ခု၊ MG 42 ကျည်ခါးပတ် လေး ခု၊ နင်းမိုင်း ကိုး လုံး၊ တိုက်မိုင်း တစ် လုံး၊ ရှေ့ထွက်မိုင်း ၁၁ လုံး၊ ဒရုန်းဗုံးသီး ၂၂ လုံးနှင့်အတူ equipment နှစ် စုံလည်း ရရှိခဲ့ကြောင်း သိရသည်။
ယင်းအထဲ ကျည်ကာဦးထုပ် ၁၄ လုံး၊ ဓား ၁၀ ချောင်း၊ GBP-128 မိုင်းရှင်းစက်ပုံး သုံး ပုံး၊ ကား- သုံးစီး၊ Drone Jammer တစ် ခု၊ Drone Controller တစ် ခု၊ ဒရုန်းပစ္စည်းထည့် ပုံးကြီး တစ် ပုံး၊ ဖုန်းအထိုင်ခွက် နှစ် ခု၊မီးစက် နှစ် လုံး၊ မီးကြိုးခွေ နှစ် ခု၊ Battery Charger ငါး ခု၊ Solor Conductor တစ် ခု၊ RPG ချိန်ဆိုဒ် နှစ် ခု၊ဆေးပစ္စည်း နှစ် အိတ်၊ ဆန်အိတ် ၅၅ အိတ်၊ ကြက်သွန်ဖြူ ၁၅ အိတ်၊ ရွှေဖီဦးအထုပ်ကြီး ၁၄ အိတ်၊ Starlink တစ်လုံးတို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ဖော်ပြထားသည်။
ဓာတ်ပုံ – NUG ၊ PDF