ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၈ ရက်

 

ရုရှားနိုင်ငံက ယူကရိန်းအရှေ့ပိုင်းဒေသသို့ မြောက်ကိုရီးယားစစ်သည် ၂၀၀၀၀ နီးပါး ထပ်မံစေ လွှတ်ဖို့ ဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားနဲ့ ဆွေးနွေးခဲ့တယ်လို့ ရုရှား သံတမန် သတင်းရင်းမြစ် တစ်ခုက ပြောပါတယ်။

 

မြောက်ကိုရီးယားဟာ ယူကရိန်းတပ်ဖွဲ့တွေ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ထားတဲ့ ရုရှားအနောက် ပိုင်း ကာ့စ်ခ်ဒေသသို့ စစ်သည်အင်အား ၁၀၀၀၀ ကျော် စေလွှတ်ထားပြီးပြီလို့ ယူဆရပါတယ်။

 

ဇူလိုင် ၁၉ ရက်နေ့က မော်စကိုမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချောဆွန်ဟီးတို့ဟာ နောက်ထပ် စစ်အင်အား ထပ်မံစေလွှတ်ရေး ကိစ္စကို ဆွေးနွေးခဲ့ကြတာလို့ ဆိုပါတယ်။

မြောက်ကိုရီးယားစစ်သားတွေကို ရုရှားက သိမ်းပိုက်ကြောင်း ကြေညာထားတဲ့ ယူကရိန်းအရှေ့ ပိုင်း ဒွန်ဘက်စ်ဒေသသို့ စေလွှတ်ဖို့ စီစဉ်ထားကြောင်း အဆိုပါသတင်းရင်းမြစ်က ဆိုပါတယ်။

 

ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ စစ်ရေးအရ ဆက်ဆံရေး ပိုမိုခိုင်မာအောင် လုပ်ဆောင်နေကြပြီး ၂၀၂၄ ခုနှစ်မှာ အရေးပေါ် အခြေအနေတစ်ခုခု ဖြစ်ပွားပါက အပြန်အလှန် စစ်ရေးအကူအညီ ပေးအပ်ရ မယ်လို့ပါရှိတဲ့ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

 

ယခုအစီအစဉ်သစ်ဟာ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကို ရုရှားနယ်စပ် ကျော်လွန်ပြီး ယူကရိန်း ကျူးကျော်စစ်မှာ ပါဝင်စေမှာဖြစ်လို့ နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြင့်မားလာစေမှာပါ။

 

ယူကရိန်းသမ္မတ ဇီလန်စကီးက ရုရှားဟာ မြောက်ကိုရီးယားကနေ နောက်ထပ် စစ်သည်အင်အား ၃၀၀၀၀ အထိ ခေါ်ယူဖို့ စီစဉ်နေကြောင်း စနေနေ့က ပြောကြားခဲ့ပါတယ်။

 

ရုရှားအနောက်ပိုင်း ဗိုရိုနက်ရှ်ဒေသမှာ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကို လက်ခံဖို့အတွက် ပြင် ဆင်မှုတွေကို ပြီးခဲ့တဲ့ ဇွန်လကတည်းက စတင်လုပ်ဆောင်နေပြီလို့ ၎င်းက ဆိုပါတယ်။

 

ကိုးကား – NHK
Ref; Russia may accept 20,000 more North Korean troops to deploy in Ukraine