ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၈ ရက်

 

ရခိုင်ပြည်နယ်တွင် ဒေသတစ်ခုလုံးနီးပါး စစ်ရှုံး၍ လက်လွှတ်ရကာ အထိနာနေသည့် အာဏာသိမ်း စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရက ၎င်းတို့စစ်ရေးအတွက် အထောက်အကူရရှိရန် အင်အားနည်း ပါးသည့် အပစ်ရပ်အဖွဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ရွေးတုအစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) သည် နေပြည်တော်၌ ယခင် အပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးထားသော ALP မှ ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် အဖွဲ့ကို ဖိတ်ခေါ်၍ ယမန်နေ့ ဇူလိုင် ၂၇ ရက်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ရခိုင်ဒေသတွင် စစ်ရေးတစ်နေ့တခြား ပြင်းထန်လာချိန် စစ်ရေး ရှုံးနိမ့်နေသည့် ရွေးတုအစိုးရသည် ငြိမ်းချမ်းရေး အကြောင်းပြကာ အပစ်ရပ်အဖွဲ့များအနက် အင်အားမရှိသလောက် နည်းပါးသည့် ALP ကို ဖိတ်ခေါ်၍ ပူးပေါင်းမှု တိုးမြှင့်ရန် ကြိုးပမ်းခြင်းဖြစ် ကြောင်း စစ်ရေးအကဲခတ်များက ထောက်ပြ ထားသည်။

 

ဆွေးနွေးပွဲတွင် ရွေးတုအစိုးရက ၎င်းတို့နှင့်အတူ လက်တွဲပူးပေါင်းရန်၊ နှစ်ဖက်ယုံကြည်မှုကို ထိခိုက် စေမည့် လုပ်ရပ်များ မဖြစ်ပွားစေရန်နှင့် ALP အနေဖြင့် နယ်မြေခံ စစ်တပ်များအား တစ်ဖက်တစ်လမ်းမှ အထောက် အကူပြု ပူးပေါင်းရန် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

စစ်အုပ်စု၏ ကျူးလွန်မှုများကို ဖုံးကွယ်လျစ်လျူရှု၍ ရွေးတုအစိုးရနှင့် ထိတွေ့ဆက်ဆံနေသည့် ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကလည်း ယခုတွေ့ဆုံမှုသည် ငြိမ်းချမ်းသည့် အမိုးအကာအောက်တွင် ပြည်သူလူထု နေထိုင်နိုင်ရန် ဆွေးနွေးခြင်းဖြစ်ကြောင်း ပြောဆိုသည်။

ထို့ပြင် စစ်တွေမြို့နှင့် ဧရာဝတီတိုင်းအတွင်း ရောက်ရှိနေသည့် ပြည်သူများ၏ စားဝတ်နေရေးနှင့် လူသား ချင်းစာနာမှု အကူအညီများ ပေးအပ်ရန် ဆွေးနွေးခဲ့သည်ဟု ဆိုသော်လည်း မြေပြင်တွင်မူ ရွေးတု အစိုးရက ပိတ်ပင်ဖမ်းဆီးမှုများ ဆက်လက် ပြုလုပ်နေဆဲဖြစ်သည်။

 

လက်ရှိတွင် ရခိုင်ပြည်နယ်သို့ စစ်ရေးအရှိန်မြှင့် လုပ်ဆောင်နေသည့် ရွေးတုအစိုးရစစ်တပ်နှင့်အတူ ALP တပ်ဖွဲ့ဝင်များလည်း ပါဝင်နေကြောင်း ဒေသခံများထံမှ သိရပြီး အာရက္ခတပ်တော် (AA) နှင့် ရင်ဆိုင် နေရသော စစ်မျက်နှာများဆီသို့ အင်အားအလုံးအရင်း စစ်ကူပို့ အသုံးပြုနေကြောင်း သိရသည်။

 

ရွေးတုအစိုးရတပ်သည် အင်အားဖြည့်တင်း စစ်ဆိုင်နေသော်လည်း တပ်ပျက်သည်အထိ အင်အားပြုန်း တီးမှုများ ရင်ဆိုင်နေရကာ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်နှင့် အဝတောင်ကျေးရွာအနီး တိုက်ပွဲများ ဖြစ်ပွားမှု၌ စစ်ကြောင်းလိုက် ပြုတ်သည်အထိ အထိနာလျက်ရှိသည်။

ဓာတ်ပုံ – ရွေးတုအစိုးရ